ပြည်တွင်း၌ အာဏာသိမ်း စစ်တပ်၏ လိုင်စင်ဖြင့် လုပ်ကိုင်နေသည့် သတင်းဌာနများသည် သမ္မတ ဦးဝင်းမြင့်အား သမ္မတဟောင်းဟုပင် ခေါ်ဝေါ်ရေးသားခြင်း မပြုရဲ ဖြစ်နေကြကြောင်း ၎င်းတို့၏ သတင်းတင်ရှိမှုများအရ သိရသည်။
အဆိုပါ သတင်းဌာနများသည် မတရား ဖမ်းဆီးခံရသူ သမ္မတဦးဝင်းမြင့် ပြန်လည် လွတ်မြောက်လာသည့် သတင်းကို ရေးသား တင်ဆက်ကြရာတွင် ဦးဝင်းမြင့်ဟုသာ ခေါ်ဝေါ် သုံးစွဲကြခြင်း ဖြစ်သည်။
“သမ္မတလို့ မတပ်ရဲရင်တောင် သမ္မတဟောင်းလို့ တပ်လို့ရသေးတယ်။ ဒီလောက်လေးတောင် မရေးရဲဘဲ စတုတ္ထမဏ္ဍိုင် လုပ်ချင်သေးတာ။ အမှန်တရား ပြောရမယ့် သူတွေက ကြောက်နေမှတော့ အမှန်တရားဆိုတာ လူထုက ဘာမှန်း သိခွင့်ရဖို့ ဝေးသွားတော့မပေါ့” ဟု ရန်ကုန်မြို့မှ လုပ်သက်ဆယ်နှစ်ကျော်ရှိ သတင်းထောက်တစ်ဦးက ပြောသည်။
ပြည်တွင်း လိုင်စင်ရ သတင်းဌာနများ ဖြစ်သည့် Eleven သတင်းဌာန၊ One News သတင်းဌာန၊ Popular သတင်းဌာန၊ VOMသတင်းဌာန စသည့် သတင်းဌာနများသည် ရွေးကောက်ခံ သမ္မတ ဦးဝင်းမြင့်အား သမ္မတဟောင်းဟုပင် အမည်မတပ်ရဲ ဖြစ်နေကြခြင်း ဖြစ်သည်။
ထို့ပြင် အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ရွေးကောက်ခံ သမ္မတဦးဝင်းမြင့်အား လွှတ်ပေးရာတွင် အကျဉ်းသား ဝင်းမြင့် ဟူသည့် ရိုင်းစိုင်းသော စကားလုံးများ သုံး၍ သတင်းထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
“ဟိုကောင်တွေက ထုတ်ပြန်ချက်တောင် သိက္ခာရှိရှိ မထုတ်ဘူး။ တောင်ငူထောင်က အကျဉ်းသား ဝင်းမြင့်တဲ့ လုပ်ပုံက” ဟု ရန်ကုန်မြို့နေ အသက် ၃၀ ကျော်အရွယ် လူငယ်တစ်ဦးက ပြောသည်။
အဆိုပါ ပြည်တွင်း သတင်းဌာနများသည် အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် အလိုကျ ဝါဒဖြန့်ရေးသားမှုများ ပြုလုပ်လျက် ရှိနေကြပြီး ဦးမင်းအောင်လှိုင် ငြိုငြင်မည့် အလုပ်မျိုးကို မည်သို့မျှ မလုပ်ရဲ ဖြစ်နေကြသည်ကိုလည်း တွေ့ရသည်။
“လက်ရှိ အခြေအနေမှာတော့ မီဒီယာတွေ အနေနဲ့လည်း ထင်သလောက် လွတ်လပ်ခွင့် မရနိုင်သေးတာ နားလည်ပါတယ်။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး ပျက်ပြားနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့ မီဒီယာတွေ အနေနဲ့ သတိထားရပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားချက်တွေလောက် လွတ်လပ်ခွင့် အများကြီး မရနိုင်သေးဘူးဆိုတာလည်း နားလည်ပါတယ်” ဟု Eleven သတင်းဌာန အယ်ဒီတာချုပ် ကျော်ဇော်လင်းက အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်ကို တိုင်တည်သည့် ဆောင်းပါးတစ်ပုဒ်တွင် ဝန်ခံရေးသားထားသည်။
ပြည်တွင်းသတင်းဌာနများထဲတွင် စံတော်ချိန် သတင်းဌာန တစ်ခုသည်သာ သမ္မတဟောင်းဟု ရေးသားခဲ့သည်ကိုလည်း တွေ့ရသည်။
လက်ရှိ လွတ်မြောက်လာသည့် ရွေးကောက်ခံ သမ္မတ ဦးဝင်းမြင့်သည် အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဏာသိမ်းပွဲ တရားမဝင်စေရန် သမ္မတရာထူးမှ နှုတ်မထွက်ဘဲ အဖမ်းခံခဲ့သူ ဖြစ်သည်။
ထို့ကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် နိုင်ငံရေး အကျပ်အတည်း ကြီးမားစွာ ကြုံခဲ့ရပြီး ယခုအချိန်ထိ နိုင်ငံတကာတွင် တရားဝင်မှုကို မရသေးဘဲ ဖြစ်နေသည်ကိုလည်း တွေ့ရသည်။
စာတည်း-ကိုဆန်း
