အမေရိကန်က အီရန်ဆိပ်ကမ်းများကို ဆက်လက်ပိတ်ဆို့ထားပါက ဟော်မုဇ်ရေလက်ကြား ကို နောက်တစ်ကြိမ် ပြန်ပိတ်မည်ဟု အီရန်က ဧပြီလ ၁၈ ရက်နေ့တွင် ခြိမ်းခြောက်လိုက်သည်။
လက်ဘနွန်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးနောက် အဆိုပါ ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး နှစ်ဖက် သဘောတူညီပြီး နာရီပိုင်းအကြာတွင် အီရန်က ယခုကဲ့သို့ ပြောလာခြင်း ဖြစ်သည်။
ရေကြောင်းသွားလာမှုများ ပြန်လည်စတင်နိုင်ခြင်းကြောင့် ဧပြီလ ၁၈ ရက်တွင် စတော့ရှယ်ယာဈေးကွက်များ မြင့်တက်လာခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ငြိမ်းချမ်းရေးသဘောတူညီချက်ရရန် “အလွန်နီးစပ်နေပြီ” ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့ပြီး၊ ဆွေးနွေးပွဲများတွင် အဓိက အကျပ်အတည်းဖြစ်နေသည့် အီရန်၏ သန့်စင်ပြီးယူရေနီယံများကို လွှဲပြောင်းပေးရန် အီရန်ဘက်က သဘောတူညီခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
“ကျွန်တော်တို့ အီရန်ထဲကို မြေတူးစက်အမြောက်အမြားနဲ့ဝင်ပြီး အဲဒါတွေကို သွားယူကြမှာပါ” ဟု အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့ရှိ Turning Point USA ကွန်ဆာဗေးတစ်လှုပ်ရှားမှု အစည်းအဝေးတွင် ထရမ့်က ပြောကြား သည်။
သို့သော်လ အီရန်ဘက်က ထိုပြောဆိုချက်ကို ငြင်းဆိုခဲ့ပြီး ၎င်းတို့၏ သန့်စင်ပြီးယူရေနီယံသိုလှောင်မှုများကို မည်သည့်နေရာသို့မျှ ပေးပို့မည်မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။
ထို့အပြင် အမေရိကန်စစ်သင်္ဘောများက အီရန်ဆိပ်ကမ်းများမှ ထွက်ခွာလာသော သင်္ဘောများကို တားဆီးနှောင့်ယှက်ပါက ကမ္ဘာ့ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ရည် ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားလာရာ အဓိကကျောရိုးဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ပိတ်ဆို့နိုင်ကြောင်း သတိပေးခဲ့သည်။
“ပိတ်ဆို့မှုတွေ ဆက်ရှိနေမယ်ဆိုရင် ဟော်မုဇ်ရေလက်ကြားဟာ ပွင့်နေမှာမဟုတ်ဘူး” ဟု အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် က X လူမှုကွန်ရက်တွင် ရေးသားခဲ့ပြီး ရေလမ်းကြောင်းဖြတ်သန်းမှုအတွက် အီရန်၏ ခွင့်ပြုချက်လိုအပ်မည်ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာကေးယီးကလည်း “ဟော်မုဇ်ရေလက်ကြားကို ဖွင့်တာ ပိတ်တာဟာ အင်တာနက်ပေါ်မှာ လုပ်တာမဟုတ်ဘူး။ မြေပြင်အခြေအနေအရ ဆုံးဖြတ်တာဖြစ်ပြီး ကျွန်တော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ တစ်ဖက်လူရဲ့ လုပ်ရပ်အပေါ် ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်” ဟု ပြောကြားခဲ့သည်။
“ရေကြောင်းပိတ်ဆို့မှုလို့ ခေါ်တဲ့ လုပ်ရပ်ဟာ အီရန်ဘက်က သင့်တော်တဲ့ တုံ့ပြန်မှုနဲ့ သေချာပေါက် ရင်ဆိုင်ရမှာပါ။ ရေကြောင်းပိတ်ဆို့တာဟာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တာဖြစ်လို့ အီရန်အနေနဲ့ လိုအပ်တဲ့ အစီအမံတွေကို သေချာပေါက် လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ဆွေးနွေးပွဲများမှတစ်ဆင့် ပဋိပက္ခများ အဆုံးသတ်နိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ကြောင့် ရေနံဈေးနှုန်းများ ကျဆင်းနေခဲ့ပြီး ဧပြီ ၁၇ ရက်တွင် စတော့ဈေးကွက်များ ပြန်လည်ဦးမော့လာခဲ့သည်။
ဧပြီ ၁၇ ရက်နှောင်းပိုင်းတွင် အမေရိကန်က ပင်လယ်ပြင်သို့ ရောက်ရှိနေပြီးသား ရုရှားရေနံနှင့် ရေနံထွက်ပစ္စည်းများကို ရောင်းချခွင့် ထပ်မံခွင့်ပြုခဲ့ရာ ယင်းက ရေနံအထောက်အပံ့ကို တိုးလာစေပြီး ဈေးနှုန်းကို ပိုမိုကျဆင်းစေဖွယ်ရှိသည်။
လက်ဘနွန်တွင် အပစ်အခတ်ရပ်စဲခြင်းနှင့် ရေလက်ကြားပြန်ဖွင့်ခြင်းတို့သည် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန် ဝါရှင်တန်၏ ကြိုးပမ်းမှုတွင် အဓိကအကြောင်းအရာများဖြစ်သည်။
လက်ဘနွန်တွင် နေရပ်စွန့်ခွာခဲ့ရသည့် မိသားစုများသည် ၁၀ ရက်ကြာ အပစ်ရပ်ထားစဉ်အတွင်း ဗုံးဒဏ်သင့်ခဲ့သည့် ဘေရွတ်တောင်ပိုင်းနှင့် စစ်ဘေးသင့်တောင်ပိုင်းဒေသရှိ နေအိမ်များသို့ ပြန်လာခဲ့ကြသည်။
အစ္စရေးစစ်တပ်က စစ်ပွဲဆိုင်ရာ ကန့်သတ်ချက်အချို့ကို ရုပ်သိမ်းပေးခဲ့သော်လည်း ဝန်ကြီးချုပ် နေတန်ယာဟု က ဟစ်ဇ်ဘိုလာကို နှိမ်နင်းသည့် စစ်ဆင်ရေးမှာ မပြီးဆုံးသေးကြောင်း သတိပေးခဲ့သည်။
အစ္စရေးက လီတာနီမြစ် (Litani River) နှင့် လုံခြုံရေးဇုန်ကြားရှိ ဒေသများမှ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားများ မထွက်ခွာပါက စစ်ရေးအရ ပြန်လည်တိုက်ခိုက်မည်ဟု သတိပေးထားပြီး၊ လက်ဘနွန်သမ္မတ ဂျိုးဇက် အာအွန် (Joseph Aoun) ကမူ ၎င်း၏နိုင်ငံအား ပြင်ပပဋိပက္ခများအတွက် စစ်တလင်းအဖြစ် နောက်ထပ်အသုံးချခံမည်မဟုတ်ဟု အခိုင်အမာ ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေး၏ ချိုးဖောက်မှုမှန်သမျှကို တုံ့ပြန်ရန် အသင့်ရှိနေကြောင်း သတိပေးထားသည်။
