မကွေးတိုင်း ၊ နတ်မောက်မြို့နယ်တွင် ရွာစဉ်လှည့် အကြမ်းဖက်နေသည့် စစ်ကြောင်းကို တစ်နေ့တည်းနှင့် ၂ ကြိမ် မိုင်းဆွဲခဲ့ရာ စစ်သား၅ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ဧပြီ ၁၈ ရက်၊ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် နတ်မောက်မြို့နယ် ကျေးရွာများသို့ လှည့်လည်ကာ မီးရှို့ဖျက်ဆီးနေသည့် အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းသည် ကျီးကန်ကျေးရွာမှ ထွက်ခွာလာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်းလည်း ပြင်းထန် ဒဏ်ရာရ ခဲ့ကြောင်း ၊ ယင်းစစ်ကြောင်း သည် မိုင်းဆွဲခံရပြီးနောက် ကျီးကန်ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်ကာ နေအိမ်များကို ထပ်မံ မီးရှို့ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၂၆ မိနစ်ခန့်၌ ယင်းစစ်ကြောင်းပြန်လည်ထွက်ခွာလာစဉ် ကျေးရွာအရှေ့ဘက်တွင် မိုင်းကွင်း ၂ ကွင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရသူများပြီး ဖရိုဖရဲဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ စစ်ဦးစီးတပ်က ယနေ့(ဧပြီ ၁၉ ရက်) သတင်းထုတ်ပြန်သည်။
“မနေ့(ဧပြီ ၁၈ ရက်)ကတော့ ညောင်ကုန်းကို တစ်ခါတည်းပြန်ဆုတ်သွားတာဗျ။ အလောင်းတွေနဲ့ ဒဏ်ရာရတွေကို ကားတွေနဲ့ပဲ တစ်ခါတည်းသယ်သွားတာဗျ။ ပျော်ဘွယ်နယ်ထဲက ညောင်ကုန်းကို ဆုတ်သွားတာပါ။ နောက်ချန်ထားခဲ့တာမျိုးလည်း မရှိပါဘူး။ သူတို့နဲ့အတူ ကားငါးစီးပါသွား တယ်ဗျ” ဟု စစ်ဦးစီးတပ်မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းစစ်ကြောင်းသည် ရုံးပင်ကွက်၊ ကန်ဦးကုန်းနှင့် ကျီးကန် ကျေးရွာများရှိ နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ကား ၊ ဆိုင်ကယ်နှင့် ပစ္စည်းများ လုယက်သွားကြောင်း ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်စဉ် စစ်သားများ လုယက်ထားသည့် ပြည်သူ့ဆိုင်ကယ် ၁၀ စီး ပျက်စီးကာ မိုင်းကွင်း အတွင်း ကျန်ခဲ့သေးကြောင်း သိရသည်။
“သင်္ကြန်ရက်တွေက မီးရှို့တာပါ။ သင်္ကြန်အခါရက်တွေအတွင်း အဲဒီရွာတွေထဲမှာပဲ တပ်စွဲနေပြီး အိမ်တွေက လိုချင်တာယူ ၊ မီးရှို့လုပ်နေတာပါ။ သူတို့က သင်္ကြန်မရောက်ခင်အရင်နေ့က ဝင်တာဗျ” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းသည် မတ်လ ၃၀ ရက်မှစတင်၍ ရမည်းသင်းမြို့နယ်၊ လွှစဉ်ကျေးရွာမှထွက် လာ သည့် စစ်ကြောင်းဖြစ်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမှတစ်ဆင့် နတ်မောက်မြို့နယ် အရှေ့ခြမ်း ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ ဧပြီ ၇ ရက်နှင့် ၈ ရက်တို့၌ ယင်းစစ်ကြောင်းကို စစ်ဦးစီးတပ်က မိုင်းကွင်း ၉ ကွင်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။
ယင်းစစ်ကြောင်း ပြန်ဆုတ်သွားသော်လည်း နတ်မောက်မြို့နယ်အတွင်း အောင်လံအခြေစိုက် ကပစ ၁၇ မှ ထွက်လာသည့် စစ်ကြောင်းတစ်ကြောင်း ရှိနေသေးကြောင်း သိရသည်။
ယင်း အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းတွင် မိတ္ထီလာအခြေစိုက် ခြေမြန်တပ်မဌာနချုပ် ၉၉ လက် အောက်ခံတပ်ဖွဲ့များနှင့် နေပြည်တော်အခြေစိုက် နေပြည်တော်တိုင်းစစ်ဌာနချုပ် (နတခ) လက် အောက်ခံ တပ်ဖွဲ့များ ပါဝင်ကြောင်း သိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
