မြန်မာနိုင်ငံ၏ ကောင်းကင်ယံတွင် သေနတ်သံများအစား ငြိမ်းချမ်းရေးလေပြေ တိုက်ခတ်ပါစေဟု ဆိုးလ်တက္ကသိုလ်ပါမောက္ခက ဆုတောင်းမေတ္တာပို့သလိုက်သည်။
တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့ရှိ စစ်အုပ်စုစစ်သံရုံးအနီး၌ ယနေ့(ဧပြီ၁၉ရက်) ကျင်းပသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF ကို ကြိုဆိုထောက်ခံ ခြင်း၊သမ္မတအတုကို ကန့်ကွက်ဆန္ဒပြခြင်းနှင့် သတင်းစာရှင်းလင်းပွဲတွင် Myanmar Helping Citizen’s Group တာဝန်ရှိသူ ဆိုးလ်တက္ကသိုလ်ပါမောက္ခ ပါ့ခ်ဟောင်းက မိန့်ခွန်းပြောစဉ် အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
မျက်ရည်ကျနေသော မြေပေါ်တွင် ပြန်လည်သင့်မြတ်ခြင်းနှင့် နိုးထရှင်သန်ခြင်း၏ နေ့သစ်များ လင်းလက်ပါစေ၊နင်းခြေခံထားရသော တရားမျှတမှုများ ပြန်လည်မတ်တပ်ရပ်နိုင်ပါစေ၊ ဖျက်ဆီး ခံထားရသော လွတ်လပ်မှုများ တစ်ဖန်ပြန်လည် ပွင့်လန်းပါစေ၊ ပြည်သူအားလုံး ဂုဏ်သိက္ခာနှင့် မျှော်လင့်ချက်များဖြင့် ရှင်သန်နိုင်မည့် စစ်မှန်သော ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်း၏ နံနက် ခင်းသို့ ဆိုက်ရောက်ပါစေဟုလည်း ၎င်းက ဆိုသည်။
“အခုအချိန်မှာ မြန်မာပြည်သူတို့ဟာ ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုများကြား လွတ်လပ်မှု၊ လူ့ဂုဏ်သိက္ခာနဲ့ ဒီမိုကရေစီအတွက် အလျှော့မပေးသော စိတ်ဓာတ်ဖြင့် ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလကို ဖြတ်သန်းနေကြရပါတယ်။ သူတို့ရဲ့ နာကျင်မှုတွေနဲ့ သူတို့ရဲ့ ပြင်းပြတဲ့ ဟစ်ကြွေးသံတွေဟာ ဒီမိုကရေစီမြတ်နိုးသူအားလုံးရဲ့ နှလုံးသားကို တုန်ဟီးစေပါတယ်”ဟုလည်း ပါမောက္ခ ပါ့ခ်ဟောင်းက ပြောသည်။
မြန်မာ့ဒီမိုကရေစီရရှိရေးနှင့် ငြိမ်းချမ်းရေးအတွက် စွန့်လွှတ်အနစ်နာခံခဲ့သူ အပေါင်းတို့ကို လေးနက် စွာ အောက်မေ့သတိရကြောင်းနှင့် စိတ်ဒဏ်ရာရရှိထားသော မြန်မာပြည်သူများနှင့်အတူ အတူရပ် တည်ကြောင်းလည်း ဆိုးလ်တက္ကသိုလ်ပါမောက္ခ ကပြောသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF သည် ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စုပေါ်ထွန်းရေးအတွက် မရှိမဖြစ်လိုအပ်သော စုစည်းညီညွတ်မှုကို စတင်ဖော်ဆောင် ခြင်းဖြစ်ပြီး SCEF သည် မြန်မာ့ဒီမိုကရေစီခရီး၏ မျှော်လင့်ချက် ဖြစ်လာမည်ဟု ကိုရီးယားအခြေစိုက် မြန်မာတော်လှန်ရေးအဖွဲ့များနှင့် ကိုရီးယားအရပ်ဘက်အဖွဲ့များက ယုံကြည်ကြောင်း သတင်းစာရှင်းလင်းပွဲအပြီး ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မကြာသေးမီက မင်းအောင်လှိုင် သမ္မတရာထူးယူပြီး ဖွဲ့စည်းလိုက်သော အစိုးရသစ်ဆိုသည့်အဖွဲ့ သည် စစ်အာဏာရှင်စနစ်ကို ပုံစံသစ်ဖြင့် ထုပ်ပိုးထားခြင်းသာဖြစ်ပြီး ပြည်သူ့အာဏာကို ထပ်မံ စော်ကားသည့် နိုင်ငံရေးလှည့်ဖြားမှုပင်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီအနေနှင့် အရပ်သားများကို တိုက်ခိုက်မှုနှင့် နိုင်ငံရေး ဖိနှိပ်မှုများကို လုံးဝချက်ချင်းရပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန်၊ အတုအယောင်ရွေးကောက်ပွဲဖြင့် အရပ်သားအစိုးရဟု အမည်တပ်ထားမှုအပေါ် နိုင်ငံတကာအသိုက်အဝိုင်းက မည်သည့်တရားဝင်မှုမျှ မပေးရန်၊ နိုင်ငံတ ကာ အသိုက်အဝန်းအနေနှင့် NUGနှင့် SCEF အပါအဝင် ပြည်တွင်း၊ပြည်ပ မြန်မာ့ဒီမိုကရေစီအင် အားစုများ၏ ငြိမ်းချမ်းသော ကြိုးပမ်းမှုများတွင် ပူးပေါင်းပါဝင်ပေးရန်နှင့် မြန်မာပြည်သူများအတွက် လူသားစာနာအကူအညီများ တိုးမြှင့်ပေးရန်၊ကိုရီးယားအစိုးရနှင့် ကိုရီးယားအရပ်ဘက်အဖွဲ့များအ နေနှင့် မြန်မာတွင် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ပိုမိုရှင်းလင်းပြီး လက်တွေ့ကျသော လုပ် ဆောင်ချက်များ ဖော်ဆောင်ရန်လည်း တောင်းဆိုထားသည်။
ယနေ့လှုပ်ရှားမှုကို ကိုရီးယားအခြေစိုက် မြန်မာတော်လှန်ရေးအဖွဲ့များနှင့် ကိုရီးယားအရပ်ဘက်အဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး စုစုပေါင်း လူ၁၀၀ကျော် တက်ရောက်ခဲ့ကြသည်။
“ဒီတစ်ခေါက်မှာက ဆန္ဒပြပွဲကိုက စီတန်းလှည့်လည်တဲ့ ဆန္ဒပြပွဲမဟုတ်ဘဲနဲ့ အထိုင်သပိတ်ပုံစံမျိုး ဆန္ဒပြပွဲပြုလုပ်ခဲ့တာဖြစ်တယ်”ဟု တောင်ကိုရီးယားနိုင်ငံအခြေစိုက် မြန်မာ့ဖက်ဒရယ်ဒီမိုက ရေစီအောင်နိုင်ရေး အဖွဲ့ပေါင်းချုပ် MFDMC အတွင်းရေးမှူးဦးကျော်ဆန်းက ပြောသည်။
ယနေ့လှုပ်ရှားမှုတွင် မြန်မာပြည်သူများကို အကူအညီပေးနေသော ကိုရီးယားအရပ်ဘက်အဖွဲ့မှ ဆရာတစ်ဦးလည်း မိန့်ခွန်းပြောကြားခဲ့သေးသည်။
