ဖားကန့် ပုဂ္ဂလိကဆေးရုံကို စစ်တပ်ဝင်စီး၊ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းနှင့် ပြည်သူများကို ဖမ်းဆီးသွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာရွာရှိ မိုင်ပုဂ္ဂလိကဆေးရုံကို စစ်တပ်က ဝင်စီးကာ ဆရာဝန်တစ်ဦးအပါအဝင် ဆေးရုံဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၂၀ ကျော်ကို ဖမ်းဆီးသွားကြောင်း သိရသည်။

ဧပြီ ၂၁ရက်၊ ည ၇ နာရီခွဲတွင် အောင်ရာရွာထဲ၌ စစ်တပ်က စစ်ကြောင်း ၂ကြောင်းခွဲကာ တစ်ကြောင်းက ကင်းပုန်းဝပ်၍ နောက်တစ်ကြောင်းက ယင်းဆေးရုံသို့ ဝင်ရောက်စီးနင်းခဲ့ပြီး ဆရာဝန်ဦးရာဇာထွန်းနှင့် ဆေးရုံဝန်ထမ်းများအား ရိုက်နှက်ခဲ့ကြောင်း လုံးခင်းကျေးရွာအုပ်စုနေ လူလတ်ပိုင်းအရွယ်ရှိ အမျိုးသားတစ်ဦးက MPA ကို ပြောသည်။

” ဆရာဝန်နဲ့ ဆရာမတွေကို ဧည့်တွေ့ဆောင်မှာ အရင် ဒူးထောက်ထားခိုင်းတယ်။ ပြီးကျတော့ ဆရာဝန်ကို အပြင်ဘက်ကို ဆွဲခေါ်ပြီးရိုက်တာဗျ။ မင်းတို့ ဆရာဝန်တွေဆိုပြီး ဆဲဆိုပြီး ရိုက်တာ။ ဆရာဝန်ရယ် ဆရာမတွေအပြင် တခြားဝန်ထမ်းတွေလည်း ပါတယ်။ နောက်ပြီး လူနာတစ်ဦးနဲ့ လူနာစောင့် ၃ ဦးကိုလည်း ဖမ်းသွားတယ်။ ဆေးရုံက စတားလင့်ကိုရော၊ ငွေတွေရော ဖုန်းတွေပါမ ကျန် သိမ်းသွားတယ်။ ဆေးရုံမှာ ဝန်ထမ်း ၂ယောက်တော့ ကျန်သေးတယ်။ ဘာလို့လဲမသိဘူး၊ ထားခဲ့တယ်” ဟု ၎င်းကပြောသည်။

ဖမ်းဆီးခံရသူများမှာ ဆရာဝန်ဦးရာဇာထွန်း၊ သူနာပြုများဖြစ်သည့် မညိုညိုအောင်၊ မအေးမွန်မွန်ကျော်၊ ကိုဟိန်းထက်ဇော်၊ ကိုချစ်နိုင်းနိုင်၊ မဇူးဇူးအောင်၊ မမေသူကျော်၊ မဂျာမိုင်၊ မပြည့်ပြည့်၊ မဝန်းသီရိနှင့် ကိုရဲထက်ခိုင်တို့ဖြစ်ပြီး အခြားဝန်ထမ်းများဖြစ်သည့် ထမင်းချက် ၂ ဦး၊ ကောင်တာထိုင် ၂ဦး၊ အလုပ်သမား ၅ ဦး၊ လူနာ တစ်ဦးနှင့် လူနာစောင့် ၃ ဦးတို့ဖြစ်ကြောင်း သိရသည်။

” ဆေးရုံမှာ တော်လှန်ရေးရဲဘော်တွေကို ဆေးကုပေးလို့ ဖမ်းတာလို့ ပြောနေကြတယ်။ ဆဲဆိုတဲ့ အထဲ မင်းတို့လား ဆရာဝန်၊ မင်းတို့လား ဆေးကုပေးတာနဲ့လို့ ပြောတာလည်းပါတော့။ နောက်တစ် ခုက မနေ့နေ့လယ်ပိုင်းမှာ အောင်ရာရွာထဲတင် စစ်သားတွေ ဒရုန်းချခံထားရတော့ လိုက်မဲပြီး ဖမ်း သွားတာလည်း ဖြစ်နိုင်တယ်ဗျ ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းဆေးရုံကို ဒေသတွင်း၌ ပြည်သူများ အားကိုးနေရသည့်အတွက် ဖမ်း‌ဆီးခံ ကျန်းမာရေးဝန်ထမ်း များ၏ အသက်အန္တရာယ်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း ၎င်းကပြောသည်။

၎င်းတို့ကို မည်သည့်နေရာ၌ ဖမ်းဆီးထားကြောင်း မသိရှိရသေးပေ။

မိုင်ဆေးရုံကို ဝင်စီးသည့် စစ်ကြောင်း၌ စစ်သားများအပြင် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နှင့် ဇခုန်တိန့်ယိန်း ပြည်သူ့စစ်တို့လည်း ပါဝင်နေကြောင်း သိရသည်။