NLD လက်ထက်က ငြိမ်းချမ်းရေးရလဒ် ၇၂ ချက်ကို ပြင်ဆင်ရန် အတုအယောင်အစိုးရ လုပ်ဆောင်နေ

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ- NSPNC အစည်းအဝေးပြုလုပ်ခဲ့မှုအားတွေ့ရစဉ်

မင်းအောင်လှိုင်ဦးဆောင်သော အတုအယောင်အစိုးရသည် အဘက်ဘက်မှ အကျပ်အတည်းများ ဆိုက်ရောက်နေချိန်တွင် နိုင်ငံရေးထွက်ပေါက်ရှာရန်အတွက် NLD အစိုးရလက်ထက် ၂၁ ရာစုပင်လုံညီလာခံများမှ ခက်ခက်ခဲခဲ ရရှိခဲ့သည့် NCA သဘောတူညီချက် ၇၂ ချက်ကို ၎င်းတို့စိတ်ကြိုက် ပြင်ဆင်ရန် ကြံစည်နေကြောင်း သိရသည်။

ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သော NSPNC အစည်းအဝေးတွင် စစ်အုပ်စုထိပ်သီးများက အဆိုပါအချက်များကို တည်ဆဲဥပဒေများနှင့် ကိုက်ညီမှု ရှိ၊ မရှိ ပြန်လည်စိစစ်မည်ဟု ပြောဆိုလာခြင်းဖြစ်သည်။

အဆိုပါ NCA ၇၂ ချက်သည် အရပ်သားအစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အစိုးရ၊ လွှတ်တော်နှင့် စစ်တပ်တို့အကြား အကြိတ်အနယ် ဆွေးနွေးညှိနှိုင်းပြီးမှ ရရှိခဲ့သည့် ဖက်ဒရယ်မူဝါဒ အခြေခံများဖြစ်သည်။

စစ်အုပ်စုက ၎င်းတို့ကို ပြန်လည်စိစစ်ပြင်ဆင်မည်ဟု ဆိုခြင်းမှာ အရင်အစိုးရ၏ ငြိမ်းချမ်းရေးအောင်မြင်မှုများကို ဖျက်ဆီးပြီး အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် နိုင်ငံရေးအရ အချိန်ဆွဲသည့် နည်းဗျူဟာသစ်တစ်ရပ် ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။

NSPNC အတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က အဆိုပါအချက်များကို တည်ဆဲဥပဒေများနှင့် ညှိနှိုင်းမည်ဟု ပြောကြားခြင်းမှာ စစ်အုပ်စုက ၎င်းတို့စိတ်ကြိုက် ရေးဆွဲထားသော ဥပဒေဘောင်များအတွင်းမှ တိုင်းရင်းသားများကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်းဖြစ်သည်။

၎င်းတို့သည် တိုင်းရင်းသားများ အမှန်တကယ် လိုလားသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်စနစ်ထက် စစ်အုပ်စု၏ အမိန့်အာဏာအောက်တွင်သာ ရှိနေစေမည့် ငြိမ်းချမ်းရေးအတုအယောင်ကို ပုံဖော်နေခြင်းသာ ဖြစ်ကြောင်း နိုင်ငံရေးတက်ကြွက်လှုပ်ရှားသူတစ်ဦးက ထောက်ပြသည်။

“စစ်အုပ်စုဟာ စစ်ရေးအရ ရှုံးနိမ့်နေတာကို ဖုံးကွယ်ဖို့ ၂၁ ရာစုပင်လုံက ရလဒ်တွေကို ခုတုံးလုပ်နေတာပါ။ သူတို့ပြင်မယ်ဆိုတဲ့ ဥပဒေဆိုတာကလည်း သူတို့အာဏာကို အကာအကွယ်ပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုပဲ ဆိုလိုတာ ဖြစ်တဲ့အတွက် တိုင်းရင်းသားတွေအတွက် ဘာမှ မျှော်လင့်ချက်မရှိပါဘူး” ဟု ၎င်းက ပြောကြားသည်။

အဆိုပါအစည်းအဝေးတွင် အိမ်နီးချင်းနိုင်ငံများ၏ အကူအညီရယူရန်နှင့် မီဒီယာများကို အသုံးချပြီး နယ်စပ်ဒေသများတွင် ဝါဒဖြန့်ရန်အတွက် ဆွေးနွေမှုများလည်း ပြုလုပ်ခဲ့သည်။

“လက်ရှိ စစ်တပ်ကို တော်လှန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အများစုက စစ်အုပ်စုရဲ့ ကမ်းလှမ်းချက်ကို လုံး၀အယုံအကြည်မရှိဘူးလို့ပြောထားတယ်။ စစ်ရေးအရ ဆက်လက်ရင်ဆိုင်သွားမယ်လို့လည်း ပြောထားတယ်။ အခြေအနေတွေကတော့ စောင့်ကြည့်ရမှာပေါ့ ” ဟု နိုင်ငံရေးလေ့လာသူ တစ်ဦးက ပြောသည်။

ပြည်တွင်းနေ ပြည်သူတစ်ဦးကမူ “မြို့နယ် ၆၀ ကို စစ်အုပ်ချုပ်ရေးထုတ်ထားပြီးမှ ငြိမ်းချမ်းရေးအကြောင်း ပြောနေတာက အဓိပ္ပာယ်မရှိပါဘူး။ ပြည်သူတွေကတော့ သူတို့ရဲ့ လှည့်ကွက်တွေကို ကောင်းကောင်းသိနေပါပြီ။ ဒါဟာ သေခါနီး အချိန်ဆွဲနေတာပဲ ဖြစ်တယ်” ဟု ပြောသည်။

ယခင်က သဘောတူထားပြီးသား အချက်များကိုပင် တည်ဆဲဥပဒေများနှင့် ညှိရမည်ဟု ဆိုခြင်းမှာ ဖက်ဒရယ်မူများကို ငြင်းပယ်ပြီး ဗဟိုချုပ်ကိုင်မှုစနစ်ကို ပြန်လည်အသက်သွင်းလိုသည့် စစ်အုပ်စု၏ မူလဗီဇကို ထင်ဟပ်နေခြင်းကြောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးက ထောက်ပြသည်။

စစ်အုပ်စုသည် နိုင်ငံရေးစားပွဲဝိုင်းကို အသုံးချကာ တော်လှန်ရေးအင်အားစုများအကြား သပ်လျှိုဖြိုခွဲရန်နှင့် တိုင်းရင်းသားများကို စည်းရုံးရန် နည်းလမ်းဟောင်းများကို အသုံးပြုနေခြင်း ဖြစ်သည့်အတွက် သတိရှိရန်လိုအပ်ကြောင်းလည်း ထောက်ပြမှုများလည်းရှိသည်။

စစ်အုပ်စု၏ NSPNC အစည်းအဝေးသည် လက်တွေ့တွင် အောင်မြင်မှုရရန်ထက် ၎င်းတို့၏ ဝါဒဖြန့်ချိရေးအတွက်သာ အဓိကထားခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လူထုတစ်ရပ်လုံးက စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကိုသာ ဦးတည်သင့်ကြောင်း အညာဒေသမှ နိုင်ငံရေးမှူးတစ်ဦးက ပြောသည်။