ဟော်မုဇ်ရေလက်ကြား စစ်ရေးတွင် ဥရောပနှင့် အာရှနိုင်ငံများ အခွင့်အရေးယူနေကြသည်ဟု ပင်တဂွန်စစ်ဌာနချုပ်အကြီးအကဲ ဝေဖန်

ဓာတ်ပုံ - Reuters
ပုံစာ - အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်

အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကြောင့် ပိတ်ဆို့သွားသည့် အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်ရန် အမေရိကန်စစ်တပ်အပေါ်၌သာ မှီခိုနေကြသည့် ဥရောပနှင့် အာရှနိုင်ငံများကို ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ်က ဝေဖန်ပြစ်တင်လိုက်သည်။

“ဥရောပနဲ့ အာရှနိုင်ငံတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ကျွန်တော်တို့ရဲ့ အကာအကွယ်ပေးမှုကို အခွင့်ကောင်းယူ အကျိုးခံစားခဲ့ကြတယ်။ ဒါပေမဲ့ အခမဲ့ အခွင့်အရေးယူတဲ့ခေတ်ဟာ ကုန်ဆုံးသွားပါပြီ၊ အမေရိကန်နဲ့ လွတ်လပ်တဲ့ ကမ္ဘာကြီးဟာ စွမ်းဆောင်ရည်ရှိပြီး သစ္စာရှိတဲ့ မဟာမိတ်တွေနဲ့သာ ထိုက်တန်ပါတယ်” ဟု ဧပြီ ၂၄ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီး ဟက်ဂ်ဆက်သ်က ပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန်ထက်စာလျှင် ဥရောပနှင့် အာရှနိုင်ငံများမှာ ပါရှန်းပင်လယ်ကွေ့မှ ထွက်သော ရေနံနှင့် ဓာတ်ငွေ့အပေါ် ပိုမိုမှီခိုနေရကြောင်းလည်း ဟက်ဂ်ဆက်သ်က ဆိုသည်။

“ကျွန်တော်တို့က ဥရောပကို အားကိုးနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ထက်စာရင် ဟော်မုဇ်ရေလက်ကြားကို အများကြီး ပိုလိုအပ်နေတာပါ။ ဒါကြောင့် ဥရောပမှာ ဟိတ်ဟန်ထုတ်ပြီး အစည်းအဝေးတွေလုပ်ကာ စကားတွေ အများကြီး ပြောနေမယ့်အစား သင်္ဘောပေါ်တက်ပြီး လက်တွေ့လုပ်ဆောင်ဖို့ စဉ်းစားသင့်တယ်” ဟု ဝန်ကြီး ဟက်ဂ်ဆက်သ်က ပြောကြားခဲ့သည်။