စစ်ပွဲအတွင်းမှ အရှက်မကွဲဘဲ ထွက်ခွာရန် အမေရိကန်နည်းလမ်း ရှာဖွေနေဟု အီရန်ကာကွယ်ရေးဝန်ကြီးဌာန ဆို

ဓာတ်ပုံ - Reuters
ပုံစာ - အမေရိကန်နှင့် ငြိမ်းချမ်းရေး အဆိုပြုချက်များကို ဆွေးနွေးရန် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာရက်ချီ ဧပြီ ၁၄ ရက်က အစ္စလာမ္မာဘတ်မြို့သို့ ရောက်ရှိလာစဉ်။

အမေရိကန်အနေဖြင့် စစ်ပွဲမှ “အရှက်မကွဲဘဲ” ထွက်ခွာနိုင်မည့်နည်းလမ်းကို ရှာဖွေနေကြောင်း အီရန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက ယနေ့ ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။

ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက “အီရန်ရဲ့ စစ်ရေးစွမ်းအားဟာ ဒီနေ့မှာ လွှမ်းမိုးထားနိုင်တဲ့ အင်အားတစ်ရပ်ဖြစ်နေပြီး ရန်သူဟာ သူတို့ကိုယ်တိုင် ပိတ်မိနေတဲ့ စစ်ပွဲရွှံ့နွံထဲကနေ သိက္ခာရှိရှိ ထွက်ခွာနိုင်မယ့်လမ်းကို ရှာနေတာဖြစ်တယ်” ဟု ပြောကြားခဲ့ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာဌာနတစ်ခုဖြစ်သည့် ISNA က ဖော်ပြသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ အထူးကိုယ်စားလှယ်များဖြစ်ကြသော စတိဗ်ဝစ်တော့ဖ်နှင့် ဂျားကက်ရှ်နာတို့သည် အီရန်နှင့် ဆွေးနွေးပွဲအတွက် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့သို့ သွားရောက်နေချိန်တွင် ယခုကဲ့သို့ မှတ်ချက်ပြုချက် ထွက်ပေါ်လာခြင်းဖြစ်သော်လည်း တိုက်ရိုက်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် အစီအစဉ်မရှိကြောင်း အီရန်အစိုးရပိုင်မီဒီယာများက ဆိုသည်။