လားရှိုး စစ်ရှောင်အတွက် စစ်ကော်မရှင် ဝန်ကြီးချုပ်က ဆန်အိတ် ၁၄၀ လှူသည်ဟုဆိုသော်လည်း ၂၀ သာ စစ်ရှောင်တွေရရှိ

ဓာတ်ပုံ - လူမှုကွန်ရက်

လားရှိုးမြို့ စစ်ဘေးရှောင်များအတွက် စစ်ကော်မရှင်လက်အောက်ခံ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ဆန်အိတ် ၁၄၀ကျော် လှူဒါန်းသည်ဟုဆိုသော်လည်း ၁၂၀ကျော်ကို ပြန်လည်သိမ်းယူသွားကြောင်း စစ်ဘေးရှောင်များထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့က ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လားရိူးမြို့ရှိ စစ်ဘေးရှောင်များအတွက်ဆိုပြီး ဆန်အိတ် ၁၄၀ ကျော်၊ ကြက်ဉ ၄၅ ကတ်၊ စားအုံးဆီ ၇၅ ပိဿနှင့် ခေါက်ဆွဲခြောက် ၄၅ ဖာလာရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

သို့သော် ယမန်နေ့(စက်တင်ဘာ ၁၆ရက်)တွင် ၎င်းလှူဒါန်းထားသည့် ဆန်အိတ် ၁၄၀ကျော်အနက် ၁၂၀ကျော်ကို ပြန်လည်သိမ်းယူသွားခဲ့ခြင်းလည်းဖြစ်သည်။

“ကူညီရေးအဖွဲ့နဲ့ ကျမတို့တွေ ဝမ်းသာနေတုန်းပဲရှိသေးတယ် ။ ဝမ်းသာတာငါးရက်ပဲကြာတယ် ပြန်လာသယ်သွားပြီ၊ ခေါက်ဆွဲတို့၊ ကြက်ဥတို့၊ ဆီတို့တော့ လှူသွားရှာပါတယ်။ ဆန်ကတော့ အိတ် ၂၀ကျော်ပဲကျန်ခဲ့တယ်” ဟု လားရှိုးမြို့သို့ရောက်ရှိနေသည့် ကျောက်မဲမြို့မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ဩဂုတ် ၁၉ရက်က ကျောက်မဲမြို့နယ် ၊ ထန်းတပင်ကျေးရွာမှ ဒေသခံများဖြစ်ပြီး လူဦးရေ ထောင်ကျော်ရှိကြောင်း သိရသည်။

“ဆန်ဂိုဒေါင်က လာသယ်သွားတာ၊ ကြည့်ရတာက သူတို့က (ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်) ဟန်လာပြခိုင်းပြီးတော့ စစ်ဘေးရှောင်တွေကို ဒီလောက်လှူဒါန်းတယ်ပေါ့၊ အခု ဆန်ပိုင်ရှင်လည်း ငြီးသွားတယ်။ အလုပ်သမားခလည်း ငါတို့ရှုံးတယ်။ ဆယ်သိန်းလျောက်လောက်ကို ရှုံးတယ်လို့ပြောတယ်” ဟု ဆန်ပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

လက်ရှိ လားရှိုးမြို့သို့ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် စားဝတ်နေရေးအတွက် အကူညီများလိုအပ်နေချိန် ယခုကဲ့သို့ ပြုမှုခြင်းသည် စိတ်ဒုက္ခပိုပေးခြင်းသာဖြစ်သည်ဟု ဒေသခံများကဆိုသည်။

“ဟာသလိုဖြစ်သွားတယ်။ ကျတော်တို့က ဝန်ကြီးချုပ်ကိုယ်တိုင်က လာလှူပေးဆိုတယ်တော့ ဝမ်းသာအားရနေတယ်။ ဝန်ထုတ်ဝန်ပို နည်းနည်းပေါ့သွားတယ်ပေါ့။ စစ်ရှောင်တွေအတွက်လည်း ဆန်ဖိုးအရမ်းကြီး စိတ်ပူစရာမလိုလောက်တော့ဘူး။ စီမံလို့တောင်မပြီးသေးဘူး။ ဆန်ပိုင်ရှင်က ပြန်လာသယ်သွားတယ်။ မသိတဲ့သူတွေက ကျတော်တို့အပေါ် အမြင်လွဲမှားနိုင်တယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် လားရိူးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ လှူဒါန်းထားသည့် ဆန်များကို ပြန်လည်သိမ်းယူခြင်းသည် အလွန်ရှက်ဖွယ်စရာကိစ္စဖြစ်ပြီး မလှူဒါန်းလိုပါက အစောကတည်းက မလှူဒါန်းသင့်ကြောင်း ဒေသခံများက ဝေဖန်နေကြသည်။