အတုအယောင် အစိုးရ၏ ဗျူရိုကရေစီယန္တရား ထိန်းချုပ်ရန်အတွက် စစ်ဘက်အရာရှိများကို အရပ်ဘက်သို့ ပြောင်းရွှေ့မှုများအား မင်းအောင်လှိုင် လုပ်ဆောင်လာနေကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
မင်းအောင်လှိုင်သည် စစ်ကောင်စီနှင့် စစ်ကော်မရှင် (စစ်ကော်မရှင်) ကာလအတွင်းက ၎င်း၏ သစ္စာရှိ စစ်ဘက်အရာရှိများအား အရပ်ဘက်သို့ ပြောင်းရွှေ့မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲမတိုင်မီ အာဏာသိမ်းကာလတစ်လျှောက်မှာ အတုအယောင်သမ္မတကြီးအတွက် ပေးဆပ်ခဲ့တဲ့ အရာရှိတွေကို အရပ်ဘက်ပြောင်းတာပေါ့။ လက်ရှိ တပ်ချုပ်လက်အောက်မှာ အနေအစားကြပ်တာတွေ ဖြစ်လာနိုင်ခြေကလည်း ရှိနေတော့ စောင်မကြည့်ရှုတဲ့ သဘောမျိုးပေါ့” ဟု အမည်မဖော်လိုသူ တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။
ယခု အရပ်ဘက်သို့ ပြောင်းရွှေ့ခံရမည့် စစ်ဘက်အရာရှိများသည် အတုအယောင်အစိုးရ၏ ဗျူရိုကရေစီယန္တရားအား အဓိက ထိန်းချုပ်မောင်းနှင်မည့် အရပ်ဘက်ရာထူးများကို ရယူထားမည်ဟုလည်း သိရသည်။
“ဝန်ကြီးဌာနတွေထဲမှာ ညွှန်ချုပ်ရာထူးတွေ၊ ညွှန်မှူးရာထူးတွေ ပေးမှာပေါ့။ ဒီရာထူးတွေက အစိုးရလည်ပတ်ဖို့ အဓိကကျတဲ့ တကယ်အလုပ်လုပ်တဲ့သူတွေကို ထိန်းချုပ်မယ့်နေရာတွေလေ။ လူယုံတွေကို ပို့နေတာပေါ့” ဟု အထက်ပါ စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
ထိုသို့ မိုးကျရွှေကိုယ်များကို ပို့ဆောင်ရာတွင် မင်းအောင်လှိုင်သည် DSA ကျောင်းဆင်း အရာရှိများကို ပိုမိုရွေးချယ်ပြောင်းရွှေ့ပေးနေသည်ဟုလည်း သိရသည်။
“ပါတီဘက်ကသူတွေက တိုင်းဒေသကြီးအစိုးရအဖွဲ့တွေမှာ ဝန်ကြီးနေရာတွေ ရထားတယ်။ ဒါပေမဲ့ ညွှန်ချုပ်လို နေရာတွေကိုတော့ DSA က အလယ်အလတ် အရာရှိကြီးတွေကို ခန့်ဖို့ ပြောင်းရွှေ့တာတွေ လုပ်နေကြတယ်” ဟု ကြံ့ခိုင်ရေးပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မင်းအောင်လှိုင်သည် အတုအယောင်သမ္မတ ရာထူးကို ရယူပြီးနောက် စစ်အာဏာသိမ်းစဉ်က ၎င်းအတွက် သစ္စာရှိစွာ အရပ်ဘက်တာဝန်များကို ပူးတွဲထမ်းဆောင်ပေးခဲ့သည့် စစ်ဘက်အရာရှိများကို ၎င်း၏ အစိုးရအဖွဲ့အတွင်း ပြောင်းရွှေ့နေခြင်း ဖြစ်သည်။
ထို့ပြင် တပ်ချုပ်အသစ် ဖြစ်လာသူ ရဲဝင်းဦးက တပ်အတွင်း ၎င်းကဲ့သို့ OTS ကျောင်းဆင်းများကို ပိုမိုနေရာပေးလာနိုင်ခြေ ရှိသဖြင့် မင်းအောင်လှိုင်က ၎င်း၏လူယုံများကို အရပ်ဘက်သို့ပို့ကာ ပြန်လည်မြှောက်စားမှုများ ပြုလုပ်နေခြင်းလည်း ဖြစ်သည်။
အဆိုပါ မိုးကျရွှေကိုယ်များသည် စစ်ဘက်ရာထူးများ ရှိစဉ်ကတည်းက စီးပွားရေးလုပ်ကွက်များကို ရထားသူများဖြစ်ပြီး အရပ်ဘက်သို့ ပြောင်းလာချိန်တွင် ပို၍ ဝင်ငွေကောင်းနိုင်သည့် ရာထူးများကို ရလာနိုင်သည်ဟုလည်း သိရသည်။
