စစ်အင်အား မလုံလောက်သည့် စစ်ကော်မရှင်က ပြည်သူ့စစ်များကို အလုံးအရင်းဖြင့် အသုံးပြုလာ

ဓာတ်ပုံ - MOI ၊ တယ်လီဂရမ် ၊ AA
ပုံစာ - သင်တန်းတက်ရောက်မည့် စစ်မှုထမ်းများနှင့် တက်တူးထိုးခံထားရသည့် ပြည်သူ့စစ်မှုထမ်းတစ်ဦးအား တွေ့ရစဥ်

စစ်ကော်မရှင်၏ စစ်ရေးလှုပ်ရှားမှုများ၌ အင်အားလျော့နည်းလာမှုကြောင့် ပြည်သူ့စစ်များကို အများအပြား အသုံးပြုလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရှိရသည်။

လက်ရှိ စစ်ကော်မရှင်၏ မြေပြင်စစ်ကြောင်းများ၌ ပြည်သူ့စစ်များကို အများအပြားအသုံးပြုနေပြီး စစ်တပ်အနေဖြင့် တပ်ကြပ်ကြီး၊ ဗိုလ်မှူးစသည့် ရာထူးပိုင်းများ၌သာ နေရာယူထားကြောင်း သိရသည်။

“စစ်တပ်က အရင်လို လူကြားကောင်းအောင် စစ်မှုထမ်းအတွက် မဲနှိုက်တယ်ဆိုတာ မလုပ်တော့ဘူး။ ပြောင်ပြောင်တင်းတင်းကို ပေါ်တာဆွဲတာပဲ လုပ်တော့တာ။ စစ်ကြောင်းတစ်ကြောင်းမှာ ပြည်သူ့စစ်တွေက အများဆုံးပဲ။ အဓိက တိုက်ခိုက်ရေးအင်အားအဖြစ် ပြည်သူ့စစ်တွေကို မှီခိုနေရလို့ပဲ ဖြစ်လိမ့်မယ်” ဟု စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက MPA သို့ ပြောသည်။

လက်ရှိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားသည့် ရခိုင်နှင့် ကချင်ပြည်နယ်တို့ကဲ့သို့ ရှေ့တန်းနေရာများ၌ ပြည်သူ့စစ်များကိုသာ အသေခံတိုက်ခိုက်ခိုင်းနေခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း သေဆုံးသူများကိုလည်း စစ်ကော်မရှင်က ပစ်ပယ်ထားနေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၁၆) ကာကင်းစခန်းများမှ ထွက်ပြေးသည့် ပြည်သူ့စစ်မှုထမ်းများကို ပြန်လည်ဖမ်းဆီးခဲ့ပြီးနောက် နဖူးနှင့် ပါးတို့တွင် ဆေးမင်ကြောင် (တက်တူး) ထိုးပြီး မှတ်သားထားကြောင်း ထပ်မံထွက်ပြေးခဲ့သည့် စစ်မှုထမ်းအချို့၏ ထွက်ဆိုမှုကို အာရက္ခတပ်တော် (AA) က ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၁ ရက်၌ ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကော်မရှင်၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌မူ စစ်မှုထမ်းနှစ်နှစ်တာ ကာလပြည့်ခဲ့သည့် ပြည်သူ့စစ်များ အိမ်ပြန်ရောက်ရှိနေပြီး ကြိုဆိုနှုတ်ဆက်ပွဲများလည်း လုပ်ဆောင်လျက်ရှိနေကြောင်း ဝါဒဖြန့်ချိလျက်ရှိသည်။

“တစ်ပတ်စဉ်ကို ၅၀၀၀ ခေါ်တယ်။ အခု စစ်တပ်ဘက်က စစ်မှုထမ်းသက်တမ်းပြည့်လို့ ပြန်လာတဲ့သူတွေကို ကြိုဆိုပွဲလုပ်နေတယ်ဆိုတာက ရာဂဏန်းတောင်မှ မရှိဘူးလေ။ စစ်တပ်ကလည်း အတိအကျ မထုတ်ပြန်ဘူး။ စစ်တပ်နဲ့ နီးစပ်ရာလူတွေကပဲ ဖေ့ဘွတ်မှာလည်း စာတွေတင်ပြီး ဝါဒဖြန့်လာကြတယ်” ဟု အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း၌ စစ်ကော်မရှင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အမှတ်စဉ်တစ်ခုလျှင် သင်တန်းသားဦးရေ ၅၀၀၀ နှုန်း ခေါ်ဆောင်သွားမည်ဟု ပြောဆိုထားပြီး မြေပြင်၌မူ ယခုထက် ပိုမိုများပြားနိုင်ကြောင်း တော်လှန်ရေးအဖွဲ့အစည်းများက ဆိုသည်။

စစ်ကော်မရှင်က ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ မတ်လတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၃ ခေါ်ယူထားကာ၊ ယခု ဧပြီလတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၄ အတွက် လူစုဆောင်းကာ သင်တန်းပေးနေကြောင်း သိရသည်။