တောင်ကိုရီးယား လူသားစာနာ ရန်ပုံငွေသင်္ကြန်မှ ရရှိသော ကျပ်သိန်း ၂၇၀၀ ကို စစ်ရှောင်များသို့ လှူ

ဓာတ်ပုံ-Kyaw San ဖေ့စ်ဘွတ်ခ်
ပုံစာ- တောင်ကိုရီးယား လူသားစာနာသင်္ကြန်ပွဲတော်။

တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသော လူသားချင်းစာနာမှုကူညီရေး ၂၀၂၆ မြန်မာသင်္ကြန် ပွဲ တော်မှ ရရှိခဲ့သော ရန်ပုံငွေကျပ်သိန်း၂၇၀၀ ကျော်စလုံးကို စစ်ဘေးရှောင်များသို့ ကူညီလိုက် ကြောင်း သိရသည်။

ဧပြီ၁၂ရက်က တောင်ကိုရီးယားနိုင်ငံ၊အင်ချွန်းမြို့၊ ဘူဖျောင်းမြို့နယ်၊ဘွန်းဆူပန်းခြံတွင် မြန်မာ့ဖက် ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC နှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မ တီ-ကိုရီးယားတို့ ပူးပေါင်းကာ လူသားချင်းစာနာမှုကူညီရေးရန်ပုံငွေ ၂၀၂၆ မြန်မာသင်္ကြန် ပွဲတော်ကို ကျင်းပခဲ့ရာ အသားတင်ရန်ပုံငွေ စုစုပေါင်း ဝမ်သိန်း၁၀၇၃ကျော်( ကျပ်သိန်း၂၇၀၀ကျော်)ရရှိခဲ့ပြီး ယင်းငွေများအားလုံးကို NUGအစိုးရ၊ လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထား ရေး ဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လှူဒါန်းခဲ့ကြောင်း MFDMC ထံက သိရသည်။

“လောလောဆယ် စစ်ကိုင်း၊မကွေး၊မန္တလေး အဲဒီနေရာတွေက စစ်ဘေးရှောင်တွေနဲ့ မီးရှို့ခံထားရတဲ့ နေရာတွေ၊ ဆေးရုံတွေ ပြန်လည်တည်ဆောက်ဖို့ အတွက်ကို ပေးပို့ထားတာရှိပါတယ်”ဟု MFDMC အတွင်းရေးမှူးဦးကျော်ဆန်းက MPAသို့ပြောသည်။

ယင်းလှူဒါန်းငွေများဖြင့် စစ်တပ် စစ်ကြောင်းထိုးမီးရှို့ခဲ့သည့် ဆေးရုံ၊ဆေးခန်းများ ပြန်လည်တည် ဆောက်ရန်နှင့် မီးရှို့ခံထားရသည့်ရွာများမှ ပြည်သူများနှင့် တောတောင်ထဲ ပြေးလွှားနေရသော စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာဖြန့်ဝေသွားမည်ဖြစ်ပြီး ကျပ်သိန်း၂၅၀၀ ဝန်းကျင် ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

“ထပ်မံပေးပို့ဖို့ နေရာ တစ်နေရာ၊၂နေရာလောက်တော့ ကျန်ပါသေးတယ်”ဟု ဦးကျော်ဆန်းက ဆက် လက်ပြောသည်။

အဆိုပါ လူသားစာနာ သင်္ကြန်ပွဲတော်တွင် အဆိုတော်Lလွန်းဝါ၏ သီဆိုဖျော်ဖြေမှု၊သင်္ကြန်ယိမ်းအက၊ Kpop Dancer အက စသည့် အနုပညာတင်ဆက်မှုများ ပါဝင်ပြီး လက်မှတ်တစ်စောင်လျှင် ဝမ်၃ သောင်း သတ်မှတ်ခဲ့သည်။

သင်္ကြန်ပွဲတော်အတွက် မြန်မာ့ရိုးရာအစားအစာ ၂၆မျိုးကို ကိုရီးယားအခြေစိုက်အဖွဲ့အစည်းနှင့် လုပ် ငန်းရှင်များက လှူဒါန်းပါဝင်ခဲ့ကြသည်။

MFDMC နှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ-ကိုရီးယားတို့သည် တောင်ကိုရီးယားတွင် အင်အားအကြီးဆုံးအဖွဲ့၂ဖွဲ့ဖြစ်ပြီး လစဉ် ကျပ်သိန်း၃၀၀၀ ဝန်းကျင်စီ နွေဦးတော်လှန်ရေးအတွက် အထောက်အပံ့ပြုနေသော အဖွဲ့များဖြစ်သည်။

MFDMC သည် ကိုရီးယားအခြေစိုက် ထောက်ပို့တပ်ဖွဲ့၂၂ဖွဲ့ကို စုစည်းထားသည့် တပ်ပေါင်းစုဖြစ်ပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ-ကိုရီးယားသည် တစ်လလျှင် တစ်ရက်စာလုပ်အားခ ထည့်ဝင်သည့် One Day Challenge ကမ်ပိန်း လုပ်ဆောင်နေသောအဖွဲ့ဖြစ်သည်။