ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်က သင်္ဘော ၃၈ စီးကို ပြန်လှည့်ခိုင်းခဲ့

အီရန်ဆိပ်ကမ်းများတစ်ဝိုက် ရေကြောင်းပိတ်ဆို့မှုကို အကောင်အထည်ဖော်ဆောင်ရွက်မှုအဖြစ် သင်္ဘော ၃၈ စီးကို ပြန်လှည့်ခိုင်းခဲ့ကြောင်း အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က ဧပြီ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သင်္ဘောသွားလာမှုအပေါ် ကန့်သတ်ချက်များကို ဆက်လက်ချမှတ်နေပြီး၊ အီရန်ပိုင်နက် ရေပြင်အတွင်းအထွက် သင်္ဘောသွားလာမှုကို ထိန်းချုပ်ရန်အတွက် သင်္ဘောများကို ဆိပ်ကမ်းသို့ ပြန်လှည့်ခိုင်းခြင်း သို့မဟုတ် လမ်းကြောင်းပြောင်းခိုင်းခြင်းများ ပြုလုပ်နေကြောင်း CENTCOM က ၎င်းတို့၏ X လူမှုမီဒီယာ စာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းလုပ်ဆောင်ချက်များသည် ရေကြောင်းသွားလာမှုကို စောင့်ကြည့်ရန်နှင့် ဒေသတွင်းရေကြောင်း တည်ငြိမ်မှုအတွက် ခြိမ်းခြောက်မှုဟု ယူဆရသော လှုပ်ရှားမှုများကို တုံ့ပြန်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း စစ်ဌာနချုပ်က ဆိုသည်။

အီရန်၏ သင်္ဘောလုပ်ငန်းကဏ္ဍကို ပစ်မှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို အကောင်အထည်ဖော်ရန် အီရန်သင်္ဘောများ အသုံးပြုသည့် ဆိပ်ကမ်းများတစ်ဝိုက်တွင် ရေတပ်အင်အား ဆက်လက်ချထားမည်ဖြစ်ကြောင်း CENTCOM က ဧပြီ ၂၅ ရက်တွင် ကြေညာခဲ့သည်။

ဒေသတွင်း ပဋိပက္ခများ မြင့်တက်လာခြင်းနှင့် နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများကြောင့် ဟော်မုဇ် ရေလက်ကြားအတွင်း တင်းမာမှုများ မြင့်တက်နေပြီး ကမ္ဘာ့အရေးအပါဆုံး ရေနံတင်သင်္ဘောလမ်းကြောင်းများထဲမှ တစ်ခုဖြစ်သော ယင်းနေရာတွင် ရေကြောင်းသွားလာမှု လုံခြုံရေးအတွက် စိုးရိမ်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။