ရန်ကုန်မြို့၌ ကျားဖြန့်ဂိုဏ်းများ ပေါ်ပေါ်တင်တင် လှုပ်ရှားလာလျက် ရှိနေပြီး ဆင်းရဲနွမ်းပါးသည့် လက်လုပ်လက်စား နင်းပြားများကို ပစ်မှတ်ထားလျက် ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ကျားဖြန့်ဂိုဏ်းများသည် လှိုင်သာယာ၊ အင်းစိန်၊ မြောက်ဥက္ကလာပ စသည့် အခြေခံလူတန်းစားများ အများစု နေထိုင်သည့် မြို့နယ်များ၌ ပေါ်ပေါ်တင်တင် ကျင်လည်ကျက်စားလာကြခြင်း ဖြစ်သည်။
၎င်းတို့သည် ဆင်းရဲနွမ်းပါးသူများအား ငွေကြေးသောင်းဂဏန်း ဝန်းကျင်ပေး၍ K-Pay အကောင့်ဖွင့်ပေးမည်ဟု ဆိုကာ လိမ်လည်မှုများ ပြုလုပ်နေကြခြင်းဟု သိရသည်။
“ကျမတို့ကို လာပြောတယ်။ မှတ်ပုံတင်တောင်းတယ်၊ မျက်နှာကို Scan ဖတ်မယ်။ K-Pay ဖွင့်ဖို့အတွက်တဲ့။ အဲလိုလုပ်ပေးရင် နှစ်သောင်းခွဲ ပေးမယ်လို့ ပြောတယ်။ သွားလုပ်ကြတဲ့သူတွေ အများကြီးပဲ” ဟု လှိုင်သာယာမြို့နယ်၌ နေထိုင်သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
အခြေခံလူတန်းစား အများအပြားသည် အဆိုပါ ကျားဖြန့်ဂိုဏ်းများက ပေးသည့် ငွေကြေးအား ရယူလိုသဖြင့် ၎င်းတို့၏ အမည်ပေါက်ဖြင့် K-Pay အကောင့်များ ဖွင့်ခွင့်ပေးလိုက်ကြပြီး နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာနိုင်သည်ကို မသိရှိကြကြောင်း ကြုံတွေ့ခဲ့ရသူများက ပြောသည်။
“ကျတော့်ကို မေးကြည့်တယ်။ ဘာလို့ ပေးဖွင့်တာလဲဆိုတော့ ပိုက်ဆံပေးလို့လေလို့ ပြောကြတယ်။ ဒီ ကေပေးကို သုံးပြီး သူတို့ လိမ်ရင် ဘယ်လိုလုပ်မလဲဆိုတော့ မသိဘူးလေလို့ပဲ ဖြေကြတယ်ဗျ” ဟု အင်းစိန်မြို့နယ်နေ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ၎င်းကြုံတွေ့ခဲ့ရသည်ကို ပြောသည်။
ကျားဖြန့်ဂိုဏ်းများသည် ယင်းသို့ နင်းပြားများ၏ K-Pay အကောင့်များကို သုံး၍ အွန်လိုင်းငွေလိမ်လည်မှုများကို ပြုလုပ်ကြခြင်း ဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အကောင့်ပိုင်ရှင်သည်သာ ပြစ်မှုကျူးလွန်သူအဖြစ် ယူဆခံရမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ပြောသည်။
“K-Pay လို Digital Wallet တွေက မှတ်ပုံတင်၊ ဖုန်းနံပါတ်၊ မျက်နှာ Scan ဖတ်တာ (Face Verification) တွေနဲ့ ချိတ်ဆက်ထားတာပါ။ အဲဒီအကောင့်ကနေ ငွေကြေးခဝါချမှု၊ လိမ်လည်မှု ဒါမှမဟုတ် တရားမဝင် လောင်းကစားကိစ္စတွေ လုပ်ခဲ့ရင် ရဲက ပထမဆုံး လိုက်မှာက အကောင့်ဖွင့်ထားတဲ့ “အမည်ပေါက်” ပိုင်ရှင်ကိုပဲ ဖြစ်ပါတယ်။” ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။
ဆက်လက်ပြီး ၎င်းက “ကျားဖြန့်တွေက ရတဲ့ငွေဟာ တရားမဝင်ငွေ ဖြစ်တဲ့အတွက် အဲဒီငွေကို လက်ခံပေးတဲ့ အကောင့်ပိုင်ရှင်ဟာ ငွေကြေးခဝါချမှုမှာ ပါဝင်ပတ်သက်သူအဖြစ် သတ်မှတ်ခံရနိုင်ပါတယ်။ ငါက ပိုက်ဆံရလို့ ဖွင့်ပေးတာ၊ ဘာလုပ်မှန်းမသိဘူး ဆိုတဲ့ အကြောင်းပြချက်က ဥပဒေရှေ့မှောက်မှာ ခိုင်လုံတာမျိုး မဟုတ်ပါဘူး” ဟု ပြောသည်။
ယခုကဲ့သို့ လိမ်လည်သူများသည် မင်းအောင်လှိုင် အသွင်ပြောင်းအစိုးရဖွဲ့ပြီးနောက် ရန်ကုန်မြို့၌ ပေါ်ပေါ်တင်တင် အုပ်စုဖွဲ့ ကျက်စားလာကြသည်ဟု သိရသည်။
မင်းအောင်လှိုင် အသွင်ပြောင်းအစိုးရ၏ ရန်ကုန်တိုင်းဝန်ကြီးချုပ် အောင်နိုင်သူက ရက် ၁၀၀ စီမံချက်အဖြစ် တရားဥပဒေစိုးမိုးရေး လုပ်ကိုင်မည်ဟု ကြွေးကြော်နေစဉ်အတွင်း ကျားဖြန့်ဂိုဏ်း လှုပ်ရှားမှုများ ပို၍ ဆိုးလာခြင်းလည်း ဖြစ်သည်။
