လူသား⁩ တရားစီရင်ရေးကို နှောင့်ယှက်ဟန့်တားမှုစွဲချက်အတွက် တောင်ကိုရီးယား သမ္မတဟောင်း၏ ပြစ်ဒဏ်ကို အယူခံတရားရုံးက တိုးမြှင့်

ဓာတ်ပုံ - Reuters

တောင်ကိုရီးယားတွင် ၂၀၂၄ ခုနှစ်က စစ်အုပ်ချုပ်ရေး ထုတ်ပြန်ရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် ပုန်ကန်မှု (Insurrection) ကို ဦးဆောင်ခဲ့သည့် ပိုမိုကြီးလေးသော ပြစ်မှုဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကိုလည်း ကျခံနေရသည့် သမ္မတဟောင်း ယွန်းဆက်ယိုးအား တရားစီရင်ရေးကို နှောင့်ယှက်ဟန့်တားမှုဖြင့်ယခင် ချမှတ်ထားသည့် ထောင်ဒဏ် ၅ နှစ်ကို အယူခံတရားရုံးက ဧပြီ ၂၉ ရက်တွင် ၇ နှစ်အထိ တိုးမြှင့် လိုက်သည်။

သမ္မတဟောင်း ယွန်းသည် ၎င်းအား ဖမ်းဆီးခြင်းကို တားဆီးရန်အတွက် သမ္မတလုံခြုံရေးအဖွဲ့ဝင်များကို အသုံးပြုခဲ့ကြောင်း တွေ့ရှိရသဖြင့် အောက်တရားရုံးက ဇန်နဝါရီလတွင် ထောင်ဒဏ် ၅ နှစ် စတင်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယွန်းက ၎င်းအား ဖမ်းဝရမ်းထုတ်ခြင်းသည် “မတရားသော စုံစမ်းစစ်ဆေးမှု” အပေါ် အခြေခံထားခြင်းဖြစ်သည်ဟု ငြင်းခုံခဲ့သော်လည်း အထူးအစိုးရရှေ့နေများကမူ ၎င်း၏ ပြစ်မှုများသည် “အလွန်တရာ ဆိုးရွားလှသဖြင့်” ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်သင့်ကြောင်း တောင်းဆိုခဲ့ကြသည်။

ဆိုးလ်အဆင့်မြင့်တရားရုံးမှ တရားသူကြီးက ယွန်း၏ လုပ်ရပ်များသည် “အလွန်တရာ ပြစ်တင်ရှုတ်ချဖွယ် ကောင်းသည်” ဟု ဆိုကာ ထောင်ဒဏ် ၇ နှစ် ချမှတ်ကြောင်း” ဟု စီရင်ချက်ချခဲ့သည်။

တရားသူကြီးက ၎င်း၏ စီရင်ချက်တွင် “တရားခံသည် ရှေ့နေများနှင့် အခြားတာဝန်ရှိသူများ၏ တရားဝင် ဝရမ်းအတိုင်း ဆောင်ရွက်မှုကို နှောင့်ယှက်ရန် ကြိုးပမ်းရုံသာမက၊ နိုင်ငံဝန်ထမ်းများဖြစ်သည့် သမ္မတလုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူများကိုလည်း ၎င်း၏ ကိုယ်ပိုင်လုံခြုံရေးအတွက် သီးသန့်အစောင့်အရှောက်များကဲ့သို့ အသုံးချရန် တရားမဝင် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည်” ဟု ဖော်ပြခဲ့သည်။