နဘားရောက် စစ်ကြောင်း အင်းတော်မြို့သို့ ယနေ့နံနက် ဆက်ထွက်

ဓာတ်ပုံ - Indaw Revolution-IR
ပုံစာ - အင်းတော်မြို့သိမ်းတိုက်ပွဲအပြီး အောင်ပွဲခံနေသော တော်လှန်ရေးရဲဘော်များ။

နဘားတွင် ညအိပ်ရပ်နားခဲ့သော စစ်ကြောင်းမှ တချို့တစ်ဝက်သည် ယနေ့နံနက်ပိုင်းတွင် အင်းတော်မြို့ဘက်သို့ ထွက်ခွာလာပြီဖြစ်ကြောင်း သိရသည်။

ဧပြီ ၂၁ ရက်မှ စတင်၍ ကသာမြို့ ခမရ ၃၀၉ မှ ထွက်လာသည့် အင်အားရာချီပါ စစ်ကြောင်းသည် ဧပြီ ၂၉ ရက်တွင် နဘားကျေးရွာ၌ ညအိပ်ခဲ့ပြီးနောက် ယနေ့(ဧပြီ ၃၀ ရက်) နံနက် ၉ နာရီခန့်၌ အင်းတော်မြို့ဘက်သို့ စတင်ထွက်ခွာလာကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“စစ်ကြောင်းက အင်းတော်ဘက်ကို စစ်ကြောင်း ပြန်ပြီးတော့ သွားနေကြတယ်။ မနက် ၉ နာရီလောက်ကဗျ။ စစ်ကြောင်းက နဘားလမ်းဆုံကို မနေ့တုန်းက ရောက်ခဲ့တယ်။ မနေ့တုန်းက နဘား မရောက်ခင်ပေါ့နော်။ ကမ်းနီတို့ စော်မော်တောင်ဘုရားတို့မှာ တိုက်ပွဲဖြစ်တာ တော်တော်ကြာ တယ်ပေါ့နော်။ အဲဒါပြီးမှ ကိုယ့်ဘက်က ‌ဆုတ်လိုက်ရတာပေါ့။ အဲဒီလို‌ဆိုတော့ ခွေးဘက်က နဘား တို့ ဘာတို့ ပြန်ဝင်ခဲ့တော့တာ”ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က နံနက် ၁၁ နာရီခန့်တွင် MPA သို့ပြောသည်။

ယင်းစစ်ကြောင်းကြောင့် နဘား ၊ ကမ်းနီ ၊ နားရခေါင် ၊ ကြံတော ၊ ကူးဆိပ် ၊ နန်းနောင်နှင့် ကျော်ရွာတို့မှ ပြည်သူများ စစ်ရှောင်နေရကြောင်း သိရသည်။

“အဲဒီအနီးအနားတဝိုက်က ရွာတွေကတော့ စစ်ရှောင်နေရတာပေါ့နော်။ တချို့တွေကလည်း မရှောင်ဘဲနဲ့ ရွာထဲမှာတွေ ရှိနေသေးတယ်။ မရှောင်တဲ့သူလည်း မရှောင်ကြဘူး။ ရှောင်တဲ့သူလည်း ရှောင်ကြတယ်။ ဟိုလို တစ်ရွာလုံးကြီး ရှောင်နေကြတာတော့ မဟုတ်ဘူးပေါ့”ဟု ၎င်းကဆက် လက်ပြောသည်။

ယနေ့ နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်မှစတင်၍ အင်းတော်မြို့အနီးရှိ ကြံတောနှင့် ကမ်းနီကျေးရွာ တောတန်းများဘက်သို့ စစ်တပ်က Y 12 လေယာဉ်ဖြင့် ဗုံးကြဲနေကြောင်းလည်း Indaw Revolution က ထုတ်ပြန်ထားသည်။

အင်းတော်မြို့သည် ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်တွင်ရှိပြီး နဘားလမ်းဆုံနှင့် ၆ မိုင်ကျော် ဝေးသည်။

အင်းတော်မြို့ကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။