ရွေးကောက်ပွဲနေ့ မဲပေးခြင်းကို နှောင့်ယှက်ပါက ချက်ခြင်း တရားရုံးတင် ထောင်ချမည်ဟု စစ်ကော်မရှင် ရွေးကော် ခြိမ်းခြောက်

ဓာတ်ပုံ-စစ်ကော်မရှင်
ပုံစာ- တရားမဝင်ရွေးကောက်ပွဲအတွင် အသုံးပြုမည့် မဲပေးစက်

အာဏာသိမ်း စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲနေ့တွင် မဲပေးခြင်းကို အနှောင့်အယှက် ပြုလုပ်သူများအား ချက်ခြင်း အရေးယူထောင်ချမည်ဟု စစ်ကော်မရှင်၏ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ခြိမ်းခြောက် ပြောဆိုနေကြောင်း သိရသည်။

စစ်ကော်မရှင်၏ ရွေးကော် အဖွဲ့များက ၄င်းတို့ ပြုလုပ်မည့် ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ မဲပေးခြင်းကို အနှောင့်အယှက်ပြုသည်ဟု ယူဆပါက ချက်ခြင်း အရေးယူမည်ဟု ခြိမ်းခြောက်နေခြင်း ဖြစ်သည်။

“မဲရုံကို ဖျက်လိုဖျက်ဆီး လုပ်တဲ့သူ မဲပေးတာကို မတရားသဖြင့်လုပ်တဲ့ သူဆိုရင် ချက်ခြင်း တရားစီရင်မှာ ဖြစ်ပါတယ်။ ချက်ခြင်း အရေးယူပြီး ချက်ခြင်း ထောင်ချမှာ။ ကျတော်တို့က နေ့မကူဘူး။ ဒီဥပဒေကတော့ တစ်ခါတည်းနဲ့ အပြတ်ချပြီးသား။ ကျတော်တို့က ဥပမာ တရားရုံး လည်းဖွင့်ထားပြီးသား။ အဲ့ဒီနေ့မှာ တစ်ခါတည်း ဖွင့်ထားပြီးသား” ဟု စစ်ကော်မရှင်၏ မိတ္ထီလာမြို့နယ် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ခြိမ်းခြောက်ပြောဆိုသည်။

စစ်ကော်မရှင်သည် ၄င်းတို့ ပြုလုပ်မည့် ရွေးကောက်ပွဲကို အကာအကွယ်ဖြစ်စေရန် လူထုကို ခြိမ်းခြောက် အကျပ်ကိုင်သည့် အနေဖြင့် ရွေးကောက်ပွဲ အကာအကွယ်ပေးရေး ဥပဒေကို အတင်းအကျပ် ပြဌာန်းထားခဲ့သည်။

အဆိုပါ ဥပဒေအရ လူထုသည် ရွေးကောက်ပွဲနှင့်ပတ်သတ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပင် မရှိတော့ကြောင်း ပြောဆိုနေကြသည်။

” မဲ မပေးခြင်တာကို မပေးခြင်ဘူး ပြောလည်း ဖမ်းလို့ရတယ်။ သူတို့ ပြိုင်မယ့် ကိုယ်စားလှယ်တွေက အသုံးမကျဘူးလို့လည်း ပြောခွင့်မရှိဘူး။ သူတို့ မဲပေးဆို ပေးလိုက် ဘာမှ လုပ်ခွင့်မရှိအောင်လုပ်ထားတာလေ။ ဒါလား ဒီမိုကရေစီ ၊ ဒါလား ရွေးကောက်ပွဲ” ဟု ရန်ကုန်မြို့မှ အသက် ၃၀ကျော် လူငယ်တစ်ဦးက ဝေဖန်ပြောဆိုသည်။

စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် ဆင်းရဲမွဲတေမှု၊ စစ်ပွဲများ၊ အကျင့်ပျက်ခြစားမှုများ​ အကြား ဒုက္ခရောက်နေသည့် ပြည်သူများအတွက် ပြုလုပ်ခြင်း မဟုတ်ဘဲ ကြေးရတတ် သူဌေးများနှင့် လက်နက်အားကို အာဏာကိုင်ဆွဲသူများ အကြား ၄င်းတို့ အဆင်ပြေအောင် လက်ဝါးခြင်းရိုက် ပြုလုပ်သည့် ရွေးကောက်ပွဲသာ ဖြစ်သည်ဟု ဝေဖန်ပြောဆိုနေကြသည်။

” မဖြစ်ဖြစ်အောင် လုပ်မှာဘဲ။ ဘာ လူထုအတွက်မှမပါဘူး။ စီးပွားရေးသမားတွေနဲ့ စစ်ခေါင်းဆောင်တွေ သူတို့ အကျိုးစီးပွားတွေ ဆထက် တိုးဖို့ လုပ်တဲ့ ရွေးကောက်ပွဲ။ လူထုက ဝေဖန်ခွင့် မရှိ၊ ဝေဖန်ရင် ထောင်ထဲထည့်မယ်လေ။ သိပ် ရွံစရာကောင်းတယ်” ဟု ရန်ကုန်မြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်ကော်မရှင်သည် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ မထမအကျော့ ပြုလုပ်ရန် ကြေညာထားပြီး ၄င်းတို့၏ စစ်ဘက် အရာရှိကြီးများကို အရပ်ဝတ်ပြောင်းစေကာ ရွေးကောက်ပွဲပြိုင်စေရန် စီစဥ်ထားသလို ငွေကြေးချမ်းသာသည့် သူဌေးများအားလည်း အမတ်ရွေးချယ်မှုများ ပြုလုပ်လျှက် ရှိသည်ဟု သိရသည်။