ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ရိုဟင်ဂျာကလေးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက် တစ်ဖက် ပြတ်သွားကြောင်း သိရသည်။
မောင်တောမြို့အနီး လေးမိုင်ကျေးရွာနေ အသက်၁၁နှစ်အရွယ်ရှိ မာမတ်ဟူဒိန်သည် ဧပြီ၂၇ရက်၊ နံနက်ပိုင်းတွင် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
၎င်းနှင့် အပေါင်းအဖော် ၃ဦးတို့သည်လေးမိုင်ကျေးရွာ၊ စိတ္တသုခ ဘုန်းတော်ကြီးကျောင်းအနီးသို့ သွားရောက်ကြစဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“လေးမိုင်ရွာက အဲဒီလူငယ်တွေက ဘုန်းကြီးကျောင်းဘက်ကို ဘာလုပ်ဖို့သွားကြတယ်ဆိုတာ မသိပါဘူး။ အဲဒီဘက်ကို သွားတဲ့အချိန်မှာ မြေမြှုပ်မိုင်းနင်းမိသွားတယ်ဆိုတာလောက်ပဲ သိရ တယ်”ဟု ၎င်းကဆိုသည်။
လေးမိုင်ကျေးရွာသည် မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲတပ်ရင်း နခခ၂နှင့် အနီးဆုံး တွင်တည်ရှိသည်။
မာမတ်ဟူဒိန်၏ ဘယ်ဘက်ခြေထောက်မှာ မြေမြှုပ်မိုင်းထိကာ ဒူးဆက်အောက်မှ ပြတ်သွားခဲ့ရာ လက်ရှိတွင် ဆေးကုသမှုခံယူနေရကြောင်း မိသားစုဝင်နှင့်နီးစပ်သည့် ရိုဟင်ဂျာတစ်ဦးကပြောသည်။
“ခြေထောက်ပြတ်သွားတယ်ဆိုတော့ ဒဏ်ရာကပြင်းတာပေါ့။ အခုတော့ဆေးကုသမှုခံယူနေတယ်။ သရက်သီးခူးဖို့သွားတဲ့အချိန်မှာ နင်းမိသွားတာထင်ပါတယ်”ဟု ၎င်းကပြောသည်။
မာမတ်ဟူဒိန်၏မိသားစုဝင်များမှာ ကျပန်းအလုပ်နှင့် အသက်မွေးကြကာ ဆင်းရဲနွမ်းပါးကြသဖြင့် မိုင်းထိဒဏ်ရာကို ဆေးကုသရန် အခက်အခဲကြုံနေကြောင်း သိရသည်။
“ခြေထောက်နှစ်ဖက်မှာ တစ်ဖက်ကပြတ်တောက်သွားတယ်။ နောက်တစ်ဖက်က အစထိပြီး ဒဏ်ရာ ရတယ်။ အဲလိုအခြေအနေပါ။ မိသားစုဝင်တွေကလည်း နွမ်းပါးကြတယ်ဆိုတော့ ဆေးကုသဖို့ အခက် အခဲရှိကြတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
ဖေဖော်ဝါရီ ၈ ရက်ကလည်း မောင်တောမြို့နယ်၊ အီတာလီယာ ရိုဟင်ဂျာကျေးရွာတွင် အသက်၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး လက်ပစ်ဗုံး ပေါက်ကွဲမူကြောင့် ဒဏ်ရာရရှိခဲ့သေးသည်။
ရခိုင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက် သေဆုံးမှု ဆက်တိုက်မြင့်တက်လျက်ရှိနေသည်ဟု ယူနီဆက်က ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံတစ်ဝန်းတွင် မိုင်းကြောင့်ထိခိုက်သူ ၃၅၇ ဦးရှိသည့်အနက် ရခိုင်ပြည်နယ်သည် ၈၇ ဦး (၂၄ရာခိုင်နှုန်း) ဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း ယူနီဆက်က ဖော်ပြထားသည်။
