တရုတ်အစိုးရက ဟက်ကာများကို အခကြေးငွေပေး ခိုင်းစေနေမှုများသည် အရှိန်အဟုန် ကြီးမားလာပြီး ဆိုင်ဘာရာဇဝတ်သားများအတွက် အကာအကွယ်များကိုလည်း ဖန်တီးပေးထားကြောင်း FBI အဆင့်မြင့်အရာရှိတစ်ဦးက ဧပြီ ၃၀ရက်တွင် ပြောကြားသည်။
တရုတ်ဟက်ကာများအနေဖြင့် ၎င်းတို့၏ မိခင်နိုင်ငံပြင်ပသို့ ခရီးသွားလာပါက ဖမ်းဆီးခံရနိုင်ကြောင်းလည်း အဆိုပါ အရာရှိက သတိပေးထားသည်။
တရုတ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်များအတွင်း ဟက်ကာတိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသူ အသက် ၃၄ နှစ်အရွယ် တရုတ်နိုင်ငံသား ရွှီကျီဝေကို အီတလီနိုင်ငံမှ အမေရိကန်သို့ လွှဲပြောင်းပေးလိုက်ပြီး ရက်အနည်းငယ်အကြာတွင် FBI ဒုတိယညွှန်ကြားရေးမှူး ဘရက်တ် လီသာမန်း ၏ ယခုမှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ရွှီကျီဝေကို ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် မီလန်မြို့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အီတလီတရားရုံး၏ ဆုံးဖြတ်ချက်အရ အမေရိကန်သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
“တရုတ်ဟက်ကာတွေ တရုတ်ပြည်ထဲမှာ ရရှိထားတဲ့ အကာအကွယ်တွေဟာ နယ်စပ်ကို ဖြတ်ကျော်လိုက်တာနဲ့ ဆက်လက်တည်ရှိမှာ မဟုတ်ဘူး” ဟု လီသာမန်းက ဆိုသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က အမေရိကန်၏ “နိုင်ငံရေးအရ လှည့်ဖြားပြီး စွပ်စွဲချက်များ လုပ်ကြံဖန်တီးခြင်း” ကို တရုတ်အစိုးရက ကန့်ကွက်ကြောင်းနှင့် အီတလီအစိုးရအနေဖြင့်လည်း “အမေရိကန်၏ အလိုတော်ပါ ရလဒ်ထွက်အောင် မလုပ်ဆောင်ရန်” ဧပြီ ၂၇ ရက်တွင် တိုက်တွန်းခဲ့သည်။
ရွှီကျီဝေနှင့် အပေါင်းအပါများသည် COVID-19 ကာကွယ်ဆေး၊ ကုသရေးနှင့် စစ်ဆေးရေးဆိုင်ရာ သုတေသနများ လုပ်ဆောင်နေသည့် အမေရိကန်အခြေစိုက် တက္ကသိုလ်များ၊ ကိုယ်ခံအားပညာရှင်များနှင့် ဗိုင်းရပ်စ်ပညာရှင်များကို ဟက်ကာဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် တရားရေးဌာန (DOJ) က ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တရားရေးဌာန၏ အဆိုအရ ရွှီကျီဝေနှင့် အခြားသူများသည် ၎င်းတို့၏ ဟက်ကာလုပ်ဆောင်မှုများကို တရုတ်အစိုးရ၏ ထောက်လှမ်းရေးအေဂျင်စီတစ်ခုဖြစ်သော ရှန်ဟိုင်းပြည်နယ် လုံခြုံရေးဗျူရိုသို့ အစီရင်ခံခဲ့ကြသည်ဟု သိရသည်။ ထို့နောက် အဆိုပါဗျူရိုမှ အရာရှိတစ်ဦးက ဗိုင်းရပ်စ်ပညာရှင်များနှင့် ကိုယ်ခံအားပညာရှင်များ၏ အီးမေးလ်အကောင့်များကို အဓိကထား တိုက်ခိုက်ရန် ရွှီကျီဝေကို ညွှန်ကြားခဲ့သည်။
ထို့ပြင် ရွှီကျီဝေနှင့် အခြားသူများသည် “Hafnium” ဟု လူသိများသော ကျယ်ပြန့်သည့် ဟက်ကာစစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် Microsoft Exchange Server အီးမေးလ်ပရိုဂရမ်၏ အားနည်းချက်များကို အသုံးချတိုက်ခိုက်မှုအတွက်လည်း တာဝန်ရှိကြောင်း DOJ က ဆိုသည်။
အဆင့်မြင့် DOJ အရာရှိတစ်ဦးက ဧပြီ ၃၀ ရက်နေ့တွင် သတင်းထောက်များကို ပြောကြားရာ၌ “Hafnium” စစ်ဆင်ရေးတွင် ဥပဒေကုမ္ပဏီများကို ပစ်မှတ်ထားခြင်းများ ပါဝင်ပြီး ဟက်ကာများသည် အမေရိကန် မူဝါဒချမှတ်သူများနှင့် အစိုးရအေဂျင်စီများအကြောင်း သတင်းအချက်အလက်များကို ရှာဖွေခဲ့ကြကြောင်း ပြောကြားခဲ့သည်။
ရွှီကျီဝေ၏ ရှေ့နေများအဖြစ် စာရင်းသွင်းထားသူများကမူ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
