ဆိပ်ဖြူ ကပစ ၂၂ မှ ကင်းပတ်ထွက်လာသည့် စစ်တပ် မိုင်းဆွဲခံရပြီး ၈ ဦး သေဆုံးဟုဆို

ဓာတ်ပုံ - ပေးပို့
ပုံစာ - ပုံသိမ်-မုံရွာလမ်းပိုင်းပေါ်တွင် ထောင်ထားသည့် ပေပါမိုင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ မှ ကင်းပတ်ထွက်လာသည့် စစ်တပ်ကို မိုင်းဆွဲခဲ့ရာ ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မေလ ၁ရက်၊ နံနက် ၁၀နာရီ မိနစ် ၄၀ခန့်တွင် ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂မှ ပုသိမ်-မုံရွာလမ်းအတိုင်း ကင်းလှည့်ထွက်လာသည့် စစ်တပ်ကို ချောင်းဆုံလမ်းခွဲ၌ ပေပါမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်သတင်းမှန်ပြန်ကြားရေး နတ်ဆိုး နဂါးထံက သိရသည်။

” အင်အား၅၀ခန့်နဲ့ ချောင်းဆုံလမ်းခွဲအနီးကို ကင်းပတ်ထွက်တာကို ကျနော်တို့မဟာမိတ်တပ်ဖွဲ့က ကြိုစောင့်နေပြီး ပေပါမိုင်းဆွဲတိုက်ခိုက်လိုက်တာ။ နေရာမှာပဲခွေးဘက်က ၆ကောင်သေပြီး အများ အပြားဒဏ်ရာရရှိသွားတယ်။ ညပိုင်းမှာ ဒဏ်ရာရခွေးထဲမှ၂ကောင်ထပ်သေဆုံး။ လက်ရှိ သေဆုံး ခွေး၈ကောင် နောက်ထပ်လည်း အရေးပေါ်ကုသနေတဲ့ခွေးများရှိနေသေးကြောင်းသိရတယ်” ဟု၎င်းက MPA သို့ပြောသည်။

ယင်းသို့ အထိနာပြီးနောက် ပေါက်တောင်ပိုင်းသို့ အင်အား ၂၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာရာ ယင်းစစ်ကြောင်းကိုလည်း ယနေ့ (မေလ ၂ရက်) နံနက်၊ ၉နာရီခွဲခန့်၌ သပြေရေရွာအနီး ထပ်မံ မိုင်းဆွဲတိုက်ခိုက်‌ခဲ့ကြောင်း သိရသည်။

” ခွေးဘက်အထိနာပြီး စစ်ကူစစ်ကြောင်းခေါ်ပြီး ပေါက်တောင်ပိုင်းကိုစစ်ကြောင်းထိုးဝင်နေတာ။ ချောင်းဆုံလမ်းခွဲမှတစ်ဆင့် မြောက်အရပ်ကိုထွက်တာ သပြေရေရွာမှာ ညအိပ်စခန်းချပြီး ဒီမနက် ပြည်သူနေအိမ်များကို ဝင်မွှေရင်း မိုင်းထိတာ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှုတွင်လည်း ထိခိုက်မှုရှိပြီး ထိခိုက်သူများကို သယ်ဆောင်ကာ ချောင်းဆုံလမ်း ခွဲအနီးကို ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုများကို ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး၊ ပေါက်မြို့နယ် ပကဖနှင့် ပေါက်တောင်ပိုင်း ဗိုလ်နားပေါက်အဖွဲ့ တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။