မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တောင်အိုရွာတွင် ဆွမ်းကပ်ပြန်လာသည့် စစ်အုပ်စုဝင် ၇ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်းသိရသည်။
ဧပြီ ၃၀ရက်၊ ကဆုန်လပြည့်နေ့၊ နေ့ခင်း ၁၁နာရီ ၂၅မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ တောင်အိုရွာထိပ် စစ်တပ်ဂိတ်မှ တောင်အိုရွာ ဘုန်းကြီးကျောင်းသို့ ဆွမ်းသွားကပ်ပြီးနောက် ပြန်လာသည့် ရဲနှင့် စစ်သားများကို တော်လှန်ရေးတပ်က ပစ်ခတ်ခဲ့ရာ ရဲ ၆ဦးနှင့် စစ်သားတစ်ဦးသေဆုံးကာ G3 သေနတ် ၂ လက်၊ MA3 သေနတ် တစ်လက်၊ MA13 တစ်လက်၊ခြောက်လုံးပြူး တစ်လက်၊ G3ကျည်ဘောက် ၄ခု၊ MA13 ကျည်ဘောက် ၂ခု၊ ဖုန်း၄ လုံး၊ ဓား တစ်ချောင်းနှင့် ခါးပတ် ၂ချောင်းတို့ သိမ်းဆည်းရရှိခဲ့ ကြောင်း Southern YSO PDF က ယနေ့ (မေလ ၂ရက်) သတင်းထုတ်ပြန်သည်။
” ဆွမ်းကပ် ပြန်လာတာ။ ပစ်တာ တစ်မိနစ်၊ ကောက်ယူတာ ၄မိနစ်။ ဂိတ်နဲ့ ဘုန်းကြီးကျောင်းက မီတာ၄၀၀” ဟု Southern YSO PDFတာဝန်ခံ ကိုအောင်မောင်းက MPA သို့ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားနေစဉ် ဂိတ်စခန်းမှ စစ်ကူလာရောက်ခြင်းမရှိကြောင်း သိရသည်။
ယင်းပစ်ခတ်မှုအတွင်း ရဲနှင့် စစ်သားများနောက်က စက်ဘီးဖြင့် ကပ်ပါလာသည့် ပြည်သူတစ်ဦး လည်း ကျည်ထိမှန်သေဆုံးခဲ့ကြောင်းသိရသည်။
” ခွေးနောက်ကနေ စက်ဘီးနဲ့ပါလာတာ။ အနားနီး ၁၀တောင်လောက်ရောက်မှ ပစ်တာ။ သူက နောက်ပြန်ဆုတ်ရင်လွတ်သေးတယ်။ ရှေ့ဆက်တိုးလာတာ။ ကျွန်တော်တို့မပစ်ရင် ခွေးက ပစ်မှာ ခြုံထဲနေရတာဗျာ၊ ကျည်ကွယ်မရှိဘူး။ ရွေးချယ်လို့မရတဲ့အခါ ခွေးအုပ်စုထံပစ်ရင်း ပြည်သူထိသွား တာပါ” ဟု ၎င်းကပြောသည်။
ပြည်သူထိမှန်သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး Southern Yesagyo တပ်ပေါင်းစုက မိသား စုဝင်များအား အနူးအညွတ်တောင်းပန်ကြောင်း ထုတ်ပြန်ထားသည်။
ပစ်ခတ်မှုပြီးနောက် ခလရ ၂၅၈နှင့် တပ်မ ၁၀၁တို့မှ တောင်အိုရွာသို့ စစ်ကြောင်းထိုးဝင်ရောက် လာပြီး နေအိမ် ၃၅လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို Southern Yesagyo တပ်ပေါင်းစုအဖွဲ့ဝင်များဖြစ်သည့် Southern YSO PDF၊ ဒေါင်းညီနောင် (PKU PDF)၊ Yesagyo Revolution Group(YRG)၊ ဒေါင်းစစ်သည်၊ King Cobra၊ ပြည်သူ့အာမာန်PDFနှင့်Golden Eagle PDFတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော် များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ရဲနှင့် စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
