ကျောက်ကြီး မီးရထားလမ်းတံတားဂိတ်ကို အထူးတပ်ဖွဲ့ ဝင်စီး၊ အရာရှိ၂ဦးအပါအဝင် ၅ဦး သေဆုံး

ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်အတွင်းရှိ မီးရထားလမ်းတံတားဂိတ်စခန်းကို KNLA အထူးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာရှိ၂ဦးနှင့် စစ်သား၃ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)၊ကျောက်ကြီးမြို့နယ်(လယ်ဒို)၊ ပိန်းဇလုပ်နှင့် သူဌေးကုန်း အကြား မီးရထားလမ်း ၁၄၇ တံတားတွင် တပ်စွဲထားသော စစ်တပ်ဂိတ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း၉၏ အထူးတပ်ဖွဲ့ဝင်များက မေလ၂ ရက်၊ည၉နာရီခွဲခန့် တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဂိတ်စခန်းမှ တဲ ၃ လုံးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကာ သေနတ် ၅လက်နှင့် ခဲယမ်းအချို့သိမ်းဆည်းရမိ ခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့(မေ၃ရက်)သတင်း ထုတ်ပြန်သည်။

“ရန်သူက မထင်ထားတဲ့အချိန်မှာ အလစ်အငိုက်ဝင်တိုက်တာ။အထူးတပ်ဖွဲ့ဆိုတာက ရန်သူကို အ လစ်အငိုက်မှာ အချိန်တိုအတွင်း မရှူနိုင်မကယ်နိုင်ဖြစ်အောင် ဝုန်းဒုန်းကြဲဝင်တိုက်ပြီး မြန်မြန်ဆန် ဆန် ပွဲသိမ်းဖို့အတွက် လေ့ကျင့်ပေးထားတဲ့ ကွန်မန်ဒိုတပ်ဖွဲ့လို့ ပြောလို့ရပါတယ်”ဟု ညောင်လေး ပင်ခရိုင်အတွင်းရှိ တော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ပြောသည်။

ယင်းတိုက်ခိုက်မှုအတွင်း KNLAအထူးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

“အဲဒီဂိတ်မှာ အင်အားဘယ်လောက်ရှိသလဲတော့ မသိဘူး။မထင်ထားတဲ့အချိန်မှာ ကျည်ဆန်တွေ ဝဲ လာတာကြောင့် ဝရုန်းသုန်းကားနဲ့ ထွက်ပြေးသွားတဲ့ကောင်တွေလည်း ရှိတယ်လို့ သိရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေနှင့် အာဏာသိမ်းစစ်တပ်ကို နိုင်ငံရေးအရရော စစ်ရေးအရပါ တော်လှန်လျက်ရှိပြီး ပြည်သူလူထုလိုလားတောင့်တသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် အစဉ်တစိုက်အားထုတ် ကြိုးပမ်းလျက်ရှိကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။

စာတည်း-ML