အမှီအခိုကင်းသည့် ICRCကဲ့သို့ အဖွဲ့များက ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို အတည်ပြု ပေးမှ ယုံကြည်မည်ဟုဆို

ICRC နှင့် ကုလသမဂ္ဂကဲ့သို့ အမှီအခိုကင်းသည့်အဖွဲ့များက နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်၏ အခြေအနေကို အတည်ပြုပေးမှ ယုံကြည်မည်ဟု ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ပြောကြား လိုက်သည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC သို့မဟုတ် UN Working Group on Enforced or Involuntary Disappearances ကဲ့သို့ ယုံကြည်စိတ်ချရပြီး အမှီအခိုကင်းသည့် အဖွဲ့အစည်းများက အတည်ပြုသည့်သက်သေ proof of life ကို ပြရန်နှင့် ယင်းသို့သောအဖွဲ့များက ဒေါ်အောင်ဆန်း စုကြည်၏ အခြေအနေကို အတည်ပြုမပေးမချင်း ယုံကြည်မည်မဟုတ်ကြောင်း ၎င်းကဆိုသည်။

“NPRနဲ့အင်တာဗျူးမှာ ပြောခဲ့သလိုပဲ၊ ဖေဖေဟာ မေမေထောင်ထဲမှာရှိနေတဲ့အချိန်မှာ နောက်ဆုံးအ ကြိမ် မတွေ့နိုင်ဘဲ ဆုံးပါးသွားခဲ့ပါတယ်။ ကျွန်တော်ကတော့ မေမေ့ကို ပြန်တွေ့ချင်ပါတယ်။ သူနေ ကောင်းနေရဲ့လားလို့ သိချင်ပါတယ်”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်း စုကြည်ကို အကျဉ်းထောင်မှ သတ်မှတ်နေအိမ်သို့ ပြောင်းရွှေ့လိုက်ကြောင်း စစ်အုပ်စု အစိုးရတုက ဧပြီ၃၀ရက်၌ ထုတ်ပြန်ခဲ့ရာ မည်သည့်အချိန်က ရိုက်ကူးထားမှန်းမသိသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်တပ်နှင့်ရဲအရာရှိအချို့ တွေ့ဆုံနေသော ဓာတ်ပုံကိုလည်း ဖော်ပြ ထား သည်။

“ယခုအချိန်ထိ သက်ရှိထင်ရှားရှိနေကြောင်း ယုံကြည်စိတ်ချရသော သက်သေအထောက်အထား ဘာမှမသိရှိ မမြင်ရသေးပါ”ဟု All In One Piece Movement က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ခိုင်မာသော သက်သေအထောက် အထားပြရန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းက ရော ပြည်တွင်း၊ပြည်ပရှိ မြန်မာပြည်သူများကပါ တောင်းဆိုလျက်ရှိသည်။

စာတည်း-ML