4 May 2026 By / MPA
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ချောင်းပေါက်ကျေးရွာ၊ မဟာဝါဠုကာရာမ ကျောင်းတိုက်ဆရာတော် အသတ်ခံရမှုမှာ PDFတို့နှင့် လုံးဝမသက်ဆိုင်ကြောင်း NUG အစိုးရ၊ တောင်သာမြို့နယ် ပြည်သူ့လုံခြုံရေးတာဝန်ခံ ကပြောသည်။
မေလ၂ရက်၊နံနက်၇နာရီကျော်တွင် စစ်တပ်စိုးမိုးနယ်မြေဖြစ်သော ချောင်းပေါက်ရွာ၊ မဟာဝါဠုကာရာမကျောင်းတိုက်မှ သက်တော်၄၈နှစ်၊ဝါတော်၂၈နှစ်ရှိပြီဖြစ်သော ကျောင်းထိုင် ဆရာတော်ဥူးစန္ဒာဝရကို လက်နက်ကိုင်အချို့က ကျောင်းဝင်းအပြင်ဘက်သို့ ခေါ်ကာ ပစ်သတ်ခဲ့ ခြင်းဖြစ်သည်။
“PDF က သတ်တာတော့ လုံးဝ မဟုတ်ပါဘူး တော်လှန်ရေးအင်အားစုသာဆို သတင်းထုတ်ပြန်ကြ သလို ကျနော်တို့သိနိုင်ပါတယ်။စစ်ကော်မရှင်ဘက်က အကျိုးစီးပွားအတွက်လုပ်ကြံပြီး PDF ကို ပုံရိပ်ဖျက်တာပါ”ဟု NUG အစိုးရ၊ တောင်သာမြို့နယ် ပြည်သူ့လုံခြုံရေးတာဝန်ခံ ရဲဘော်ကျီးကန်းက MPAသို့ပြောသည်။
ချောင်းပေါက်ရွာ၏ အနောက်တောင်ဘက် ၃မိုင်ခန့်အကွာတွင် တမိုက်သာပျူစောထီးရွာ၊အရှေ့ တောင်ဘက် ၂မိုင်ခန့်အကွာရှိ ဆင်တဲဝတံတားတွင် စစ်တပ်အခြေစိုက်စခန်းနှင့် ချောင်းပေါက်ရွာ၏ မြောက်ဘက် တစ်မိုင်ခန့်အကွာတွင် ဆိတ်ညံမြစ်ရေတင်စခန်းတို့ရှိပြီး ဥူးစန္ဒာဝရသည် စစ်တပ် စခန်းများသို့ နေညမပြတ် အဝင်အထွက်ရှိကြောင်း သိရသည်။
“ကျနော်တို့ဆီက ဒလန်ရှင်းလင်းရေးကိုလည်း မလုပ်ကြပါဘူး။အမျိုးသားညီညွတ်ရေးအစိုးရ၊အုပ် ချုပ်ရေးယန္တရားလည်ပတ်နေပြီမို့ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်နေပြီမို့ပါ”ဟု ၎င်းက ဆက်လက် ပြောသည်။
ဆရာတော်အသတ်ခံရခြင်းကို ချောင်းပေါက်ရွာ အနီးဝန်းကျင်ရှိ PDF များပင် မသိကြကြောင်း ၎င်းက ဆိုသည်။
ဆရာတော်သည် ကျေးရွာလူထုနှင့်လည်း အဆင်မပြေမှုများကြောင်း သိရသည်။
စာတည်း-ML
