အကြမ်းဖက်အဖွဲ့ ARSA ၏ ပြောရေးဆိုခွင့်ရှိသူ Sheikh Burahan က ၎င်းတို့အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ နောက်ကွယ်မှ ပံ့ပိုးကူညီမှုကို ရရှိနေပြီဖြစ်ကြောင်း မေလ ၂ ရက်နေ့က “ARSA Spokesperson” Telegram ချန်နယ်မှတစ်ဆင့် ဗီဒီယိုဖိုင်တစ်ခု ထုတ်လွှင့်ကာ ပြောဆိုခဲ့ကြောင်း Global Arakan Networkက ယနေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါ ရုပ်သံဖိုင်တွင် Sheikh Burahan က “ဘင်္ဂလားဒေ့ရှ်အစိုးရဟာ အခုဆိုရင် ကျနော်တို့ကို နောက်ကွယ်ကနေ ကူညီပံ့ပိုးပေးနေပြီ” ဟု ပြောကြားခဲ့သည့်အပြင် ရခိုင်ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ထို့ပြင် လက်ရှိတွင် ရခိုင်ပြည်သူများက ကျေးရွာသစ်များတည်ထောင်ကာ စိုက်ပျိုးရေးလုပ်ကိုင်နေကြသည့် ဘူးသီးတောင်နှင့် မောင်တောနယ်မြေများကိုလည်း ပြန်လည်သိမ်းပိုက်သွားမည်ဟု ကြုံးဝါးခဲ့သည်။
ဆက်လက်၍ ၎င်းက အာရက္ခတပ်တော် (AA) ကို ဆန့်ကျင်တိုက်ခိုက်ရန် ရိုဟင်ဂျာလူထုအား တိုက်တွန်းခဲ့ပြီး ၎င်းတို့ကို ခိုလှုံခွင့်ပေးထားသည့် ဘင်္ဂလားဒေ့ရှ်သမ္မတကိုလည်း ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။
ဤပြောဆိုချက်များသည် လှုံ့ဆော်မှုအပြည့်ပါသော စကားလုံးများဖြင့် လူထုကိုစည်းရုံးရန် ကြိုးပမ်းသည့် ဗျူဟာမြောက် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပုံရသည်ဟု Global Arakan Networkက ထောက်ပြထားသည်။
သို့သော်လည်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းမီဒီယာများ၏ မကြာသေးမီက ဖော်ပြချက်များအရ ဒုက္ခသည်စခန်းများအတွင်းရှိ မူဆလင်ဒုက္ခသည်များကမူ ARSA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ဥပဒေအရ အရေးယူပေးရန် တောင်းဆိုနေကြကြောင်း သိရသည်။
ARSA အဖွဲ့သည် ဒုက္ခသည်စခန်းများအတွင်း အဓမ္မဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် ငွေညှစ်ခြင်းများကို လုပ်ဆောင်နေကြောင်း မကြာခဏ စွပ်စွဲခံနေရပြီး အဆိုပါစခန်းများရှိ အိမ်ထောင်စုပေါင်း ၃၀ ရာခိုင်နှုန်းခန့်မှာ နေရပ်စွန့်ခွာရမှုများနှင့် ကြုံတွေ့နေရသည်။
စခန်းအတွင်း အကြမ်းဖက်မှုများသာမက ARSA အဖွဲ့သည် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်ရှိ အရပ်သားပြည်သူများကိုလည်း ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် ပြန်ပေးဆွဲခြင်းများကို ဆက်လက်လုပ်ဆောင်နေသည်။
ဤကဲ့သို့သော မတည်ငြိမ်မှုများသည် ဒေသတွင်း ပြန်လည်ထူထောင်ရေးနှင့် နေရပ်စွန့်ခွာရသူများ ဘေးကင်းစွာ ပြန်လာနိုင်ရေးအတွက် အဓိက အတားအဆီးတစ်ခု ဖြစ်နေဆဲပင် ဖြစ်သည်။
