ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် အာရက္ခတပ်တော် (AA) ၏ အခန်းကဏ္ဍနှင့် ရိုဟင်ဂျာများအပေါ် သက်ရောက်မှုရှိနေသည်ဟု ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ARSA အဖွဲ့က စွပ်စွဲပြောဆိုထားသည်။
မေလ ၂ ရက်နေ့ ရက်စွဲဖြင့် ယခုရက်ပိုင်းအတွင်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်တစ်ခု၌ ARSA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူဟု ယူဆရသည့် တပ်ဖွဲ့ဝင်တစ်ဦးက ယင်းသို့ စွပ်စွဲပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကမ္ဘာကို ရှင်းရှင်းလင်းလင်း သိစေချင်တာက အာရကန်မြေမှာရှိတဲ့ နေရာတိုင်းက ငါတို့ ရိုဟင်ဂျာတွေကို ပျက်သုန်းစေခဲ့တာ ဘယ်သူလဲဆိုရင် WY (မူးယစ်ဆေးဝါး) ကုန်ကူးနေကြတဲ့ အေအေ အဖွဲ့ဖြစ်တယ်။ အာရကန်ပြည်မှာ နည်းမျိုးစုံနဲ့ လုပ်ကြံနေတယ်” ဟု ရုပ်သံဖိုင်တွင် စွပ်စွဲပြောဆိုထားသည်။
အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်ဟု အမည်ပေးထားသည့် ARSA ၏ အာရက္ခတပ်တော် (AA) အပေါ် ယင်းစွပ်စွဲချက်နှင့် ပတ်သက်၍ AA ဘက်မှ တုံ့ပြန်ချက်ကိုမူ မတွေ့ရသေးပေ။
ယင်းအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာအချို့မှာလည်း ဝင်ငွေရှာရန် အေအေအဖွဲ့နှင့် ပူးပေါင်းပြီး အာဆာအဖွဲ့အပေါ် မဟုတ်မမှန် စွပ်စွဲမှုများ ရှိနေသည်ဟု ပြောဆိုထားသည်။
၎င်းတို့အဖွဲ့သည် ရိုဟင်ဂျာတစ်မျိုးသားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန် တိုက်ပွဲဝင်နေခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ရမ်ဇာန် (ဥပုသ်ကာလ) အတွင်းကလည်း အေအေအဖွဲ့အား တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“အာဆာအဖွဲ့က အနိုင်ကျင့်မှုတွေ လုပ်တယ်ဆိုပြီး မဟုတ်မမှန် လုပ်ကြံပြောဆိုတာတွေ ရှိတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ မမှန်မကန် ရေးသားတာတွေ၊ မဟုတ်မမှန် ဗီဒီယိုဖိုင်လုပ်ပြီး ပြောဆိုတာတွေ တွေ့ရတယ်။ မင်းတို့ရဲ့ လုပ်ရပ်က ဘယ်လိုအခြေအနေမှာမဆို အလုပ်ဖြစ်မှာ မဟုတ်ဘူး” ဟု ကြုံးဝါးထားသည်။
နိုင်ငံတကာ အာရုံစိုက်မှုနှင့် အထောက်အပံ့ ရရှိရေးအတွက် အကြမ်းဖက်အာဆာအဖွဲ့သည် အချိန်အခါကောင်းကို ကြည့်ကာ နယ်စပ်ဒေသတွင် လှုပ်ရှားလေ့ရှိသည်ဟု မောင်တောဒေသခံများက သုံးသပ်ပြောဆိုကြသည်။
မောင်တောဒေသခံတစ်ဦးက “လှုပ်ရှားမှု လုပ်ပြနိုင်မှ ထောက်ပံ့မှုတွေရဖို့အတွက် လှုပ်ရှားပြတယ်လို့ပဲ မြင်တယ်။ ဒါက သူတို့ လုပ်နေကျ အလုပ်တွေပါ။ နယ်စပ်မှာ မူးယစ်ဆေးဆိုလည်း သူတို့လုပ်တာ၊ နွားအရောင်းအဝယ်ဆိုလည်း သူတို့လုပ်ကြတာပါပဲ။ ဒီလူတွေက နယ်စပ်ကိုသွားရင် ပြန်ပေးဆွဲမယ်၊ သတ်မယ်ဖြတ်မယ်။ အဲဒီဖြစ်စဉ်တွေက မနည်းတော့ဘူး” ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတစ်ခုမှ ရိုဟင်ဂျာအမျိုးသမီး ကျောင်းဆရာမတစ်ဦးအား အာဆာအဖွဲ့ဝင်အချို့က နေအိမ်သို့ လာရောက်ကာ ခင်ပွန်းဖြစ်သူအား မေးမြန်းပြီး အကြမ်းဖက်မှု ကျူးလွန်ခဲ့သည်ဟု ပြောဆိုထားသည့် ရုပ်သံဖိုင်တစ်ခုလည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လူမှုကွန်ရက်တွင် ပျံ့နှံ့နေခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် RSO နှင့် ARSA အဖွဲ့တို့အကြား နယ်စပ်မှတ်တိုင် ၂၀ အနီးတွင် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ယင်းသို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် နယ်စပ်နေပြည်သူများကို အထိတ်တလန့် ဖြစ်စေပြီး စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် သတင်းဌာနတစ်ခုဖြစ်သည့် TTN တွင် မေလ ၃ ရက်နေ့က သတင်းဖော်ပြထားသည်။
အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ကို အဓိကအားဖြင့် ပြည်ပရောက် ရိုဟင်ဂျာအသိုက်အဝန်းများနှင့် အချို့သော အစွန်းရောက်အုပ်စုများက ငွေကြေးနှင့် အခြားထောက်ပံ့မှုများ ပေးနေကြောင်း အစီရင်ခံစာများအရ သိရသည်။
ဆော်ဒီအာရေဗျ၊ ပါကစ္စတန်၊ မလေးရှား၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ထိုင်း၊ အမေရိကန်နှင့် သြစတြေးလျနိုင်ငံများတွင် အခြေစိုက်နေထိုင်ကြသော ရိုဟင်ဂျာအသိုက်အဝန်းများနှင့် ချမ်းသာကြွယ်ဝသူများထံမှ လစဉ်အလှူငွေများ ရရှိနေကြောင်း Dhaka Tribune ကဲ့သို့သော သတင်းဌာနများတွင် ဖော်ပြထားသည်။
ARSA အဖွဲ့သည် ၎င်းတို့၏ ရန်ပုံငွေများကို Western Union ကဲ့သို့သော နိုင်ငံတကာ ငွေလွှဲလုပ်ငန်းများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘဏ်အချို့ (ဥပမာ- Islami Bank, Al Arafa Islami Bank) မှတစ်ဆင့် လက်ခံရရှိနေကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများအတွင်း မူးယစ်ဆေးဝါး (Yaba) ရောင်းဝယ်ဖောက်ကားခြင်း၊ လူမှောင်ခိုကူးခြင်းနှင့် ငွေညှစ်ခြင်းများမှတစ်ဆင့် ရန်ပုံငွေ ရှာဖွေလေ့ရှိသည်ဟု ရိုဟင်ဂျာအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
အချို့သော ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများက ARSA အဖွဲ့သည် စစ်ကော်မရှင်၏ လက်ဝေခံအဖွဲ့အဖြစ် လုပ်ဆောင်နေသည်ဟု ပြောဆိုမှုများ ရှိနေသလို၊ စစ်ကော်မရှင်ကလည်း ၎င်းတို့အတွက် စစ်ရေးအသာစီး ရလိုသည့် ရည်ရွယ်ချက်ဖြင့် ရိုဟင်ဂျာလူငယ်များအား သင်တန်းပေးခြင်းနှင့် လက်နက်တပ်ဆင်ပေးခြင်းများ ရှိခဲ့သည်။
အာရက္ခတပ်တော် (AA) က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) မှ အရာရှိအချို့သည် ARSA ကို လက်နက်နှင့် ရိက္ခာများ ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲထားသော်လည်း BGB ဘက်က ယင်းစွပ်စွဲချက်ကို ငြင်းဆိုထားသည်။
ARSA အဖွဲ့သည် ပါကစ္စတန်ရှိ Tehrik-e-Taliban Pakistan (TTP) ထံမှ သင်တန်းများ ရရှိခဲ့ဖူးကြောင်းနှင့် အာဖဂန်နစ္စတန် စစ်ပွဲပြန် စစ်သွေးကြွအချို့၏ သင်ကြားပေးမှုများ ရှိကြောင်းလည်း နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group – ICG) ၏ “Myanmar: A New Muslim Militancy in Rakhine State” (အစီရင်ခံစာအမှတ် ၂၈၃၊ ၁၅ ဒီဇင်ဘာ ၂၀၁၆) တွင် အဓိက ဖော်ပြထားသည်။
