တရုတ်နိုင်ငံသားများ အပေါ် ဗီဇာပိတ်ဆို့မှုများပြုလုပ်ရန် အမေရိကန် ပြင်ဆင်နေ

ဓာတ်ပုံ - Reuters

အမေရိကန်နိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသည့် တရုတ်နိုင်ငံသားများကို နေရပ်ပြန်ခေါ်ယူရေး လုပ်ငန်းစဉ်များတွင် တရုတ်ဘက်မှ နှောင့်နှေးကြန့်ကြာအောင် လုပ်ဆောင်နေကြောင်း သမ္မတထရန့်အစိုးရအဖွဲ့၏ အဆင့်မြင့်အရာရှိတစ်ဦးက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

တရုတ်အစိုးရဘက်က ယင်းအခြေအနေကို မပြုပြင်ပါက တရုတ်နိုင်ငံသားများအပေါ် ခရီးသွားလာခွင့် ကန့်သတ်ချက်များ ပိုမိုတိုးမြှင့်သွားရန် အမေရိကန်အစိုးရက ပြင်ဆင်ထားကြောင်းလည်း ၎င်းက သတိပေးခဲ့သည်။

တရုတ်အပေါ် အမေရိကန်၏ ယခုခြိမ်းခြောက်မှုသည် သမ္မတ ဒေါ်နယ်ထရန့်၏ မေလ ၁၄ ရက်မှ ၁၅ ရက်အထိ သတ်မှတ်ထားသော တရုတ်နိုင်ငံဿို့ ခရီးစဉ် မတိုင်မီ ရက်ပိုင်းအလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းခရီးစဉ်အတွင်း သမ္မတထရန့်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရာတွင် အခြားသော ကိစ္စရပ်များနှင့်အတူ ပြည်နှင်ဒဏ်ပေးရေးကိစ္စကိုပါ ဆွေးနွေးလိမ့်မည်ဟု မျှော်လင့်ရသည်။

လာမည့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲတွင် သမ္မတ၏ ရီပတ်ဘလစ်ကန်ပါတီ အရေးနိမ့်နိုင်ကြောင်း လူထုစစ်တမ်းများက ဖော်ပြနေချိန်တွင်၊ ယခုခရီးစဉ်သည် မဲဆန္ဒရှင်များအား တင်ပြနိုင်မည့် ကုန်သွယ်ရေးဆိုင်ရာ အခွင့်အရေးများကို တရုတ်အစိုးရထံမှ ရရှိရန် မျှော်လင့်နေသည့် သမ္မတထရန့်အတွက် အလွန်အရေးကြီးသော ခရီးစဉ်တစ်ခုဖြစ်သည်။

၂၀၂၅ ခုနှစ် အစောပိုင်းတွင် သမ္မတဒုတိယသက်တမ်းစတင်ပြီးနောက်ပိုင်း ထရန့်သည် ပြည်နှင်ဒဏ်ပေးခံရသူများကို ပြန်လည်လက်ခံရန် ပျက်ကွက်သည့် နိုင်ငံအများအပြားအပေါ် အခွန်တိုးမြှင့်ခြင်းနှင့် ပိတ်ဆို့အရေးယူခြင်းများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ယင်းလုပ်ရပ်သည် သူ၏ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုနှင့် တင်းကျပ်သော လူဝင်မှုကြီးကြပ်ရေး မူဝါဒများ၏ အဓိကမဏ္ဍိုင်တစ်ခုလည်း ဖြစ်သည်။

ဗီဇာသက်တမ်းကုန်ဆုံးသူ သို့မဟုတ် တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား သောင်းနှင့်ချီ၍ ပြန်လည်လက်ခံရန် အမေရိကန်၏ တောင်းဆိုချက်များကို တရုတ်နိုင်ငံက နှစ်ပေါင်းများစွာ ငြင်းဆန်ခဲ့သည်။

သမ္မတထရန့် တာဝန်စတင်ယူချိန်တွင်မူ တရုတ်နိုင်ငံက “အတည်ပြုပြီးသား တရုတ်နိုင်ငံသားများ” ကို စိစစ်ပြီးနောက် နေရပ်ပြန်ခေါ်ယူရန် ဆန္ဒရှိကြောင်း အရိပ်အယောင်ပြခဲ့သည်။
သို့သော် ထိုသို့ဆောင်ရွက်ရန် အချိန်ယူရမည်ဖြစ်ကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် အစောပိုင်းတွင် စင်းလုံးငှားလေယာဉ်များနှင့် ပုံမှန်လေကြောင်းလိုင်းများမှတစ်ဆင့် ပြည်နှင်ဒဏ်ပေးခံရသူ ၃,၀၀၀ ခန့်ကို လက်ခံပြီးနောက်၊ လွန်ခဲ့သည့် ခြောက်လအတွင်း တရုတ်နိုင်ငံသည် ပူးပေါင်းဆောင်ရွက်မှုကို လျှော့ချခဲ့ကြောင်း အမည်မဖော်လိုသူ အမေရိကန် အဆင့်မြင့်အရာရှိက ပြောကြားခဲ့သည်။