ရခိုင်၊ ချင်း၊ ကချင် ကုန်သွယ်ရေးလမ်းကြောင်းများကို စစ်တပ်ဖြတ်တောက်နေ

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-စစ်ကော်မရှင် ပြန်လည်သိမ်းပိုက်ခဲ့သည့် မြို့နယ်အချို့အား တွေ့ရစဥ်

ရခိုင်၊ ချင်းနှင့် ကချင်ပြည်နယ်သို့ ကုန်စည်သယ်ယူပို့ဆောင်သည့် လမ်းပိုင်းများကို စစ်ကော်မရှင်က ပိတ်ဆို့၊ ဖြတ်တောက်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံက သိရှိရသည်။

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅ ရက်မှစ၍ ယနေ့ (မေ ၅ ရက်) အထိ ကျောက်ထုအမြောက်တပ်ရင်း (အမတ – ၃၆၈) မှ ထွက်လာသည့် အင်အား ၂၀၀ ဝန်းကျင်က မင်းတပ် – ကျောက်ထု – ဆောလမ်းဆုံရှိ ဆောမြို့နယ်၊ ကံကြီးကျေးရွာ၌ ကတုတ်ကျင်းများတူးကာ အထိုင်ချ တပ်စွဲနေခြင်း ဖြစ်သည်။

“လမ်းဆုံမှာ စစ်တပ်က အထိုင်ချလိုက်တာဆိုတော့ လမ်းကြောင်းပြတ်တောက်သွားတာပါ။ ဆောနဲ့ မင်းတပ်ကို အဆက်အသွယ်ဖြတ်လိုက်တဲ့ သဘောပါပဲ။ လောလောဆယ်ကတော့ ကျောက်ထုထဲကို လူအင်အား၊ ရိက္ခာထုပ်တွေချတာ၊ ဖြည့်တာရှိထားတယ်” ဟု ဆောမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။

လက်ရှိတွင် ဆောမြို့နယ်၌ ကုန်သည်များ၊ ကုန်ပစ္စည်းများ ပိတ်မိလျက်ရှိနေကြောင်း သိရသည်။

ထိုကဲ့သို့ ကံကြီးကျေးရွာလမ်းဆုံ၌ စစ်ကော်မရှင်တပ်များ အချိန်ကြာမြင့်စွာ အထိုင်ချတပ်စွဲခဲ့ပါက ရခိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့၌ ကုန်စည်စျေးနှုန်းများ အနည်းငယ်မြင့်တက်နိုင်ခြေရှိကြောင်း ကုန်သည်တစ်ဦးက ဆိုသည်။

“ဆော – ကျောက်ထု – ဂန့်ဂေါလမ်းကို စစ်တပ်က ရသွားရင် ချင်းနဲ့ ရခိုင်ဘက်ကို လမ်းပိတ်သွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉ ရက်မှ မေ ၁ ရက်အထိ ကျောက်ထုအမြောက်တပ်ရင်း (အမတ – ၃၆၈) နှင့် မေ ၅ ရက်၌ ထီးလင်းမြို့ရှိ စစ်ကော်မရှင်တပ်စခန်းများအတွင်းသို့ စစ်လက်နက်ပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဂျမ်ပါများ၊ လစာများနှင့် စားနပ်ရိက္ခာများ ချထားပေးခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် ဧပြီ ၃၀ ရက်တွင်လည်း နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ မိတ္ထီလာ၊ တံတားဦးနှင့် မကွေးလေတပ်တို့မှ တက်လာသည့် ဂျက်ဖိုက်တာ ခုနစ်စင်းဖြင့် လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အမတ ၃၆၈ မှလည်း လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်။

“ဂျက်ဖိုက်တာတွေက တစ်ခါလာရင် နှစ်စင်း၊ သုံးစင်းအထိ လာကြတယ်။ ဒေသတွင်းမှာတော့ လေကြောင်းတက်တာ စိပ်တယ်။ ၅ ရက်နေ့ မနက်က ထီးလင်းကို ရိက္ခာချတယ်၊ ညနေဘက်မှာ ကျောက်ထုတပ်ကနေ ဒရုန်းနဲ့ချတာ၊ လက်နက်ကြီးပစ်တာတွေ ရှိတယ်” ဟု အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် မေ ၄ ရက်၌ ဂန့်ဂေါခရိုင်၊ ယောဒေသနှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များအားလုံး လေကြောင်းကို ကြိုတင်သတိထားကြရန် ဒေသတွင်းသတင်းများ ဖော်ပြပေးနေသည့် ယောအလင်းတန်းက အသိပေးထားသည်။

ယောဒေသနှင့် ဆက်စပ်လျက်တည်ရှိနေသည့် ချင်းပြည်နယ်မြောက်ပိုင်းရှိ တီးတိန်မြို့နယ်တွင်လည်း တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည့်အပြင် ဖလမ်းမြို့နယ်ကို ပြန်လည်သိမ်းပိုက်ထား၍ အိန္ဒိယနယ်စပ်လမ်းကြောင်းအချို့ ပိတ်သွားခဲ့သည်။

ချင်းပြည်နယ်နှင့် တဆက်တည်း တည်ရှိနေသည့် ရခိုင်ပြည်နယ်တွင်လည်း စစ်ကော်မရှင်က လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ကာ ဖိအားပေးလျက်ရှိနေသည်။

ထို့ပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ရခိုင်၊ စစ်ကိုင်း၊ ကချင်ပြည်နယ်များသို့ ကုန်သွယ်ရေးလမ်းပိုင်းများ ဖြစ်သည့် ပုလဲ၊ ကနီမြို့နယ်တို့တွင်လည်း စစ်ကော်မရှင်စစ်ကြောင်းများ လှည့်လည်သွားလာလျက်ရှိနေသည်။

ယင်းအပြင် စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်၏ ဝင်ပေါက်ဖြစ်သည့် အင်းတော်နှင့် မော်လူးမြို့နယ်တို့ကို စစ်ကော်မရှင်က ပြန်လည်သိမ်းပိုက်ခဲ့ပြီး ဗန်းမောက်မြို့ကိုလည်း စစ်ကြောင်းငါးကြောင်းဖြင့် ထိုးစစ်ဆင်မည်ဟု သတင်းများထွက်ပေါ်နေသည်။

စစ်ကော်မရှင်၏ တကျော့ပြန်ထိုးစစ်များကို တော်လှန်ရေးတပ်ဖွဲ့များဘက်က ပြန်လည်ခုခံသော်လည်း စစ်ကော်မရှင်၏ လေကြောင်းအလွန်အကျွံသုံးစွဲမှု၊ လူသားအရင်းအမြစ်များပြားမှု၊ လက်နက်ခဲယမ်းနှင့် အသေခံဒရုန်းများစွာ အသုံးပြုခြင်းတို့ကြောင့် နောက်ဆုတ်ပေးနေရခြင်း ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

“အခု တော်လှန်ရေးက ၂၀၂၁၊ ၂၀၂၂ အဲ့ဒီအချိန်တွေကို ပြန်ရောက်သွားတာ။ ရွှေဘို – မြစ်ကြီးနားကားလမ်းကိုလည်း စစ်တပ်က ထိန်းမယ့်ပုံစံမှာ ရှိတယ်။ အဲ့ဒီလမ်းက မြစ်ကြီးနားအထိရောက်တယ်။ လော်ဘီတွေဘက်ကလည်း စင်းခန်းအထိ သိမ်းမယ်လို့ ပြောနေတာ။ ဒီလမ်းပိုင်းက အရေးပါတယ်” ဟု မြေပြင်အခြေအနေသိရှိသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့နယ်ကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် စစ်ရေးပြင်ဆင်လျက်ရှိနေသည်။

“ရှမ်းမြောက်လမ်းကြောင်းကတော့ ပိတ်သွားပြီ။ မသွားမဖြစ်ဆိုလည်း စစ်တပ်ကြားထဲကနေ သွားရမှာ၊ အဲ့ဒါကလည်း မလုံခြုံဘူး” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပကဖ တည်ထောင်ခြင်း ငါးနှစ်ပြည့်တွင် ပေးပို့သည့် သဝဏ်လွှာ၌ လက်ရှိ စစ်ရေးအခြေအနေများအရ သိမ်းပိုက်ထားသည့် မြို့များ ပြန်လည်လက်လွှတ်နေရခြင်းမှာ စစ်မက်ရေးရာ၏ သဘောတရားများဖြစ်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိသော ပြည်သူ့စစ်မဟာဗျူဟာများကို ကျင့်သုံးကာ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့အစည်းများနှင့် ပိုမိုခိုင်မာစွာ လက်တွဲ၍ တိုက်ပွဲဝင်သွားမည်ဟု ပြောကြားထားသည်။