တော်လှန်အနုပညာရှင် ဒေါင်း အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ထားသည့် Omukade ဇာတ်ကားကြီး Netflix ၌ ပြသမည်

တော်လှန်အနုပညာရှင် သရုပ်ဆောင် ဒေါင်း အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ထားသည့် Omukade (အိုမူကာဒေး) ရုပ်ရှင်ဇာတ်ကားကြီးကို မေ ၂၁ရက်တွင် ကမ္ဘာတစ်ဝန်းရှိ ပရိသတ်အမြောက်အမြား ကြည့်ရှုအားပေးလျက်ရှိသော Netflix platform ၌ ပြသတော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Omukade ဇာတ်ကားသည် ထိုင်းနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းဖန်တီးထားသည့် သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားအမျိုးအစားဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ကျိန်စာသင့်နေသည့် တွင်းဟောင်းတစ်ခုအတွင်း ဂျပန်စစ်သားများနှင့် စစ်သုံ့ပန်းများ ပိတ်မိနေစဉ် အိုမူကာဒေးဟု ခေါ်ဆိုသည့် ဧရာမကင်းခြေများ မိစ္ဆာကြီးနှင့် ရင်ဆိုင်ရမည့် အကြောင်းကို ရိုက်ကူးထားခြင်း ဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံတကာအဆင့်မီ ထုတ်လုပ်ရေးတစ်ခုတွင် မြန်မာသရုပ်ဆောင်တစ်ဦးက အဓိကဇာတ်ဆောင်အဖြစ် ရွေးချယ်ခံရခြင်းမှာ မြန်မာ့အနုပညာရှင်များ၏ အရည်အချင်းကို ကမ္ဘာက အသိအမှတ်ပြုလာခြင်းဖြစ်သဖြင့် မြန်မာပရိသတ်များအကြား များစွာဂုဏ်ယူ ဝမ်းမြောက်လျက်ရှိကြပါသည်။

ယခင်ကလည်း Netflix ပေါ်တွင် မြန်မာသရုပ်ဆောင်များ ပါဝင်သည့် ရုပ်ရှင်များ ပြသခဲ့ဖူးသည့် သာဓကများ ရှိခဲ့သည်။

အထူးသဖြင့် သရုပ်ဆောင် နိုင်နိုင်း၊ ဝတ်မှုံရွှေရည် နှင့် ဒေါင်း တို့ အဓိကပါဝင်သရုပ်ဆောင်ထားသည့် The Only Mom (လိပ်ပြာစံအိမ်) ရုပ်ရှင်ကားကြီးမှာ Netflix တွင် ပြသခွင့်ရရှိခဲ့ပြီး ဒေသတွင်း၌ အလွန်လူကြိုက်များခဲ့သည့် ဇာတ်ကားတစ်ကား ဖြစ်ခဲ့သည်။

သို့သော် ယခု သရုပ်ဆောင် ဒေါင်း ပါဝင်သည့် Omukade ဇာတ်ကားမှာမူ Netflix Original ဆန်ဆန် ကမ္ဘာအနှံ့သို့ တိုက်ရိုက်ဖြန့်ချိမည့် အကြီးစားဖန်တီးမှုတစ်ခု ဖြစ်သည့်အတွက် မြန်မာ့ရုပ်ရှင်လောကအတွက် ထူးခြားသည့် သမိုင်းမှတ်တိုင်သစ်တစ်ခု ဖြစ်လာမည် ဖြစ်သည်။