မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အသက်၁၄နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၇ဦးကို ရဲတပ်ဖွဲ့က ပေါ်တာဆွဲခဲ့ပြီး သိန်း၄၀၀စီတောင်းရာ မပေးနိုင်သဖြင့် စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်လိုက် ကြောင်း သိရသည်။
သထုံမြို့နယ်၊ကျိုက္ကော်မြို့၊အောက်ကျင်းရပ်ကွက်နှင့် သိမ်ဆိပ်တို့တွင် မေလ၃ရက် နေ့ခင်းပိုင်းက ရွာများဘက်မှ တက်လာသော လူငယ်၈ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တစ်ဦး ပြန်လွတ်လာ ကြောင်း သထုံခရိုင်အတွင်းရှိ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“တစ်ယောက်က ဝင်းပရွာက။သူက ဖမ်းခံထိပြီးပြီးချင်း ရဲစခန်းမရောက်ခင် လမ်းမှာ ညှိလိုက်တာ သိန်း၅၀နဲ့ ဈေးတည့်ပြီး ပြန်လွတ်လာတာ။ကျန်တဲ့ ၇ယောက်ကျတော့ သိမ်ဆိပ်ရဲစခန်းရောက်သွား တယ်။ရဲစခန်းရောက်တော့ တစ်ယောက် သိန်း၄၀၀ တောင်းတယ်။မပေးနိုင်လို့ အခု စစ်မှုထမ်းသင် တန်းပို့လိုက်ပြီ”ဟု ၎င်းက MPAသို့ ယနေ့(မေ၆ရက်)နေ့ခင်းပိုင်းတွင် ပြောသည်။
ဖမ်းဆီးခံရသည့် ၁၄နှစ်သားမှာ ဝီယော်ရွာမှဖြစ်ပြီး ကျန်ဖမ်းဆီးခံများမှာ ကောက်လှိုင်းရွာနှင့် ဝင်းပရွာအပါအဝင် ကျိုက္ကော်မြို့အနီးဝန်းကျင်ရှိ ရွာများမှ လူငယ်အမျိုးသားများဖြစ်ကြောင်း သိရသည်။
“တချို့က ကျိုက္ကော်မှာ ဈေးလာဝယ်တာ။ ၁၄နှစ်သားနဲ့ နောက်တစ်ယောက်က မင်္ဂလာဆောင် ဖိတ် စာ လာဖိတ်တာ”ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိ တရားမဝင်မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ဝင်းသန်း ဝန်ကြီးချုပ်မဖြစ်သေးခင် မတ်လ၂၈ ရက်က သထုံမြို့သို့ ဖြတ်လာစဉ် ရှင်လောင်းလှည့်ပွဲ၌ လူငယ်များကို မြင်ကာ လူငယ်များစွာ ရှိနေ လျက်နှင့် ဘာ့ကြောင့် စစ်မှုထမ်းတပ်သားသစ် လိုအပ်နေသလဲဟု သထုံထွေအုပ်ဝန်ထမ်းများအား ငေါက်ငမ်းသွားပြီးနောက် ပေါ်တာဆွဲမှုများ ပိုအတင့်ရဲလာကြောင်း ၎င်းက ဆိုသည်။
“အရင်က အာဝါဒေးပွဲလုပ်ပြီး အဲပွဲ အသွား၊အပြန်ကို ပေါ်တာဆွဲတာမျိုးရှိတယ်။အခုတော့ အာဝါဒေး ပွဲကို လူငယ်တွေ မသွားကြတော့လို့ နေ့ခင်းဘက် ကျိုက္ကော်မှာ ဗြောင်ပေါ်တာဆွဲလာတာ”ဟု သထုံ မြို့နယ်၊သိမ်ဆိပ်နေ အသက်၄၀ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
သထုံမြို့နယ်၊ကျိုက္ကော်နှင့် သိမ်ဆိပ်သည် တံတားတစ်စင်းသာခြားပြီး တစ်ဆက်တည်း ဖြစ်သည်။
“အခု နောင်ဘို(ရွာ)မှာ အာဝါဒေးပွဲရှိတယ်။ လူအသွားနည်းတယ်။ပေါ်တာကြောက်လို့”ဟု သထုံခရိုင် အတွင်းရှိ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
ဖေဖေါ်ဝါရီ၁၀ရက်ည၇နာရီကျော်က ကျိုက္ကော်မြို့၊ ပဲခူးစုရပ်ကွက်အတွင်းရှိ အရက်ဆိုင်ထိုင်နေသူ များ၊ အိမ်ဝင်းထဲ ရှိနေသူများနှင့် နောင်ဘိုရွာအာဝါဒေးပွဲသို့ သွားသူများကို စစ်တပ်က အလစ်အငိုက် ဝင်၍ ပေါ်တာဆွဲခဲ့ရာ အယောက်၃၀ကျော် ပါသွားခဲ့ဖူးသည်။
“သထုံမြို့ပေါ်မှာလည်း ည၈နာရီနောက်ပိုင်း အပြင်ထွက်တဲ့လူငယ်တွေ၊ ဆိုင်ကယ်၂ယောက်စီးတာ တွေပေါ့။လှည့်ကင်းနဲ့တိုးရင် ဆွဲတယ်။ အာဝါဒေးပွဲအပြန်တွေမှာလည်း ဆွဲနေတာပဲ”ဟု မွန်ပြည်နယ် ပကဖ၊ဒုတာဝန်ခံ စောထူးအောင်က ပြောသည်။
သထုံမြို့၊လိပ်အင်းရပ်ကွက်၊လေယာဉ်ကွင်းဟောင်းတွင် ပြုလုပ်သော ဈေးရောင်းပွဲအမည်ခံ လောင်းကစားဝိုင်း အာဝါဒေးပွဲသို့ လာသည့် လူငယ်အမျိုးသား ၁၀ဦးကို မတ်လ၂၉ရက်ညက ပေါ်တာဆွဲပြီး စစ်မှုထမ်းထဲသို့ ပို့ခဲ့သည်။
ဧပြီလကုန်ပိုင်းတွင် သထုံမြို့အထွက် ပေါ်တော်မူရွာမှ လူငယ်တစ်ဦး ပေါ်တာဆွဲခံရရာ အုပ်ချုပ်ရေး မှူး လိုက်သွားပြီး ပြန်ရွေးခဲ့ရာ ကျပ်သိန်း၈၀ ပေးခဲ့ရကြောင်း မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံက ပြောသည်။
