ဗဟန်းတွင် ဂစ်တာတီးနေစဉ် ဖမ်းဆီးရိုက်နှက်ခံရသည့် လူငယ်တစ်ဦး ဆေးရုံတင်ထားရ

ဓာတ်ပုံ-AFP
ပုံစာ- ရန်ကုန်တွင် ဆန္ဒပြလူငယ်များကို စစ်တပ်က ဖမ်းဆီးခဲ့စဉ်။(ပုံဟောင်း)

ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရားအနီး ဂစ်တာတီးနေစဉ် ဖမ်းဆီးရိုက်နှက်ခြင်းခံရသည့် လူငယ်များအ နက် တစ်ဦးမှာ ခြေထောက်ကျိုးသွားသဖြင့် ဆေးရုံတင်ထားရကြောင်း သိရသည်။

ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ငါးထပ်ကြီးဘုရားအနီးတွင် မေလ၄ရက်၊ည ၉နာရီ၁၅မိနစ်ခန့်က လူငယ် ၅ဦး ဂစ်တာတီးပြီး သီချင်းဆိုနေစဉ် စစ်သားနှင့်ရဲများ ရောက်ရှိလာပြီး ဗဟန်းရဲစခန်းထဲသို့ ဖမ်းဆီးသွားကာ ရိုက်နှက်စစ်မေးခဲ့ရာ လူငယ်များမှာ လမ်းမလျှောက်နိုင်သည်အထိ ပြင်းထန်ဒဏ် ရာရခဲ့ကြောင်း Bahan Scout & News Channel က သတင်းထုတ်ပြန်သည်။

“ခြေထာက်ကျိုးသွားတဲ့သူ ပါလာလို့ ဆေးရုံပို့ထားလိုက်ရတယ်လို့ သိရပါတယ်ဗျ”ဟု Rangoon Scout Network-RSN မှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။

ရဲစခန်းတွင် ရိုက်နှက်၍ဝမှ အုပ်ချုပ်ရေးမှူးကိုခေါ်ကာ ပြန်လွှတ်ပေးလိုက်ကြောင်း Bahan Scout & News Channel က ဆိုသည်။

လက်ရှိတွင် ခြေထောက်ကျိုးသည်အထိ ရိုက်နှက်ခံရသည့်လူငယ်ကို ရန်ကုန်ဆေးရုံကြီးသို့ တင်ထား ကြောင်း သိရသည်။

ဖမ်းဆီးရိုက်နှက်ခံရသည့်လူငယ်များမှာ အသက်၁၈၊၁၉နှစ်အရွယ်များ ဖြစ်ကြောင်း RSN တာဝန်ရှိသူက ပြောသည်။

ကျန်လူငယ်၄ဦးမှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိထားသော်လည်း ၎င်းတို့၏ နောက်ဆက်တွဲ အခြေ အနေကို မသိရသေးပေ။