မြန်မာစကားပုံတစ်ခုရှိပါတယ်။ “ကြက်တူရွေးက တော်တော်၊ မယ်ဘော်က ကဲ” တဲ့။ ကိုယ်တိုင်ကလည်း ဘာမှန်းမသိဘဲ လျှောက်ပြောနေတဲ့ ကြက်တူရွေးကတစ်မျိုး၊ ဘေးကနေ အဟုတ်မှတ်ပြီး ပိုကဲပြနေတဲ့ မယ်ဘော်ကတစ်ဖုံ ဆိုတဲ့ အဓိပ္ပာယ်ပါ။
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ မင်းအောင်လှိုင်တို့ အုပ်စုနဲ့ သူတို့ရဲ့ ဝါဒဖြန့် တယ်လီဂရမ်လော်ဘီတွေရဲ့ အခြေအနေဟာ ဒီစကားပုံထဲက ဇာတ်ဆောင်တွေနဲ့ အထူးပင် တူညီလှပါတယ်။
‘မယ်ဘော်’ လော်ဘီတွေရဲ့ ကြက်တူရွေးကြီး မင်းအောင်လှိုင်ကတော့ ‘အတန်းပညာနိမ့်ပါးသူများတဲ့ဒေသတွေမှာ ပဋိပက္ခတွေ ဖြစ်နေရတာ’ လို့ ပြောပါတယ်။
ဒီစကားကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ရန်ကုန်တက္ကသိုလ်မှာ တစ်နိုင်ငံလုံးရှိ သူ့ရဲ့ပညာရေးဝန်ကြီးဌာနလက်အောက်ခံ တက္ကသိုလ်ပါမောက္ခချုပ်၊ ကျောင်းအုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရမများကို ခေါ်ယူတွေ့ခဲ့တဲ့ပွဲမှာ ပြောခဲ့တာပါ။
“မှော်ရုံတောထဲက သတင်းအမှား နည်းဗျူဟာ”
မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေးဟာ “မျက်လှည့်ဆရာရဲ့ လက်လှည့်ကွက်” နဲ့ တူပါတယ်။ လက်တစ်ဖက်က ပစ္စည်းတစ်ခုကို ဝှက်ထားချိန်မှာ နောက်လက်တစ်ဖက်က တခြားအရာတစ်ခုကို ပြပြီး ပရိသတ်ကို အာရုံလွှဲတတ်တာမျိုးပါ။
သူတို့ဟာ မြေပြင်က အရှိတရား ၂၀ ရာခိုင်နှုန်းကို ယူပြီး၊ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကိုတော့ လုပ်ကြံဖန်တီးမှုတွေ၊ ဗြောင်လိမ်ငြင်းဆိုမှုတွေနဲ့ ဖုံးကွယ်လေ့ရှိပါတယ်။
ဒီနေရာမှာ မှိုင်းဝေ၊ Ko Thet နဲ့ တိုက်ပွဲသတင်းစုံ စတဲ့ စစ်လော်ဘီချန်နယ်တွေရဲ့ လုပ်ရပ်ဟာ ‘မယ်ဘော်က ကဲ’ နေတဲ့ အထင်ရှားဆုံး သာဓကပါပဲ။
“ဝက်လက်က သက်သေ – ဗြောင်လိမ်ခြင်းရဲ့ ပြယုဂ်”
ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က ဝက်လက်မြို့နယ်၊ မုဆိုးခြုံရွာက စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်း (၃) စင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို ကြည့်ပါ။
မြေပြင်မှာ ကျောင်းဆရာမတစ်ဦးနဲ့ ကျောင်းသားငယ် ၁၁ ဦး သွေးမြေကျခဲ့ရသလို၊ အမျိုးသမီးတစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါဟာ ဖုံးကွယ်လို့မရတဲ့ အရှိတရားပါ။
ဒါပေမဲ့ ‘ကြက်တူရွေး’ စစ်အုပ်စုရဲ့ ခိုင်းစေချက်အတိုင်း ‘မယ်ဘော်’ လော်ဘီတွေကတော့ –
- “စစ်တပ်က တိုက်ခိုက်တာ မဟုတ်ဘူး”၊
- “အဲဒါ PDF စခန်းကို ရှင်းတာ”၊
- “နွေရာသီ ကျောင်းပိတ်ရက်မှာ ကျောင်းသားရှိစရာ အကြောင်းမရှိဘူး”
ဆိုတဲ့ ဗြောင်လိမ်သတင်းတွေကို အချက်အလက် စစ်ဆေးမှု (Fact Check) မရှိတဲ့ ပရိသတ်တွေကြားထဲ အတင်းအဓမ္မ ရိုက်သွင်းခဲ့ကြပါတယ်။ ဒါဟာ သွေးထွက်သံယိုဖြစ်ရပ်ကို ဝါဒဖြန့် မှင်စက်တွေနဲ့ ဖုံးအုပ်ဖို့ ကြိုးစားတဲ့ လုပ်ရပ်ပါပဲ။
“တော်လှန်ရေး အရှိတရားနှင့် ပြည်သူ့အသံ”
စစ်လော်ဘီတွေက တယ်လီဂရမ်ပေါ်မှာ အောင်ပွဲခံနေချိန်မှာ မြေပြင်က တော်လှန်ရေးရဲဘော်တွေကတော့ သူတို့ရဲ့ ဝါဒဖြန့်မှုတွေကို “ပုပ်နေတဲ့ ငါးပိကို နံ့သာရည်နဲ့ ဆေးကြောနေသလိုမျိုး” ပဲလို့ လှောင်ပြောင်ကြပါတယ်။
“သူတို့က ဒရုန်းနဲ့ ဗုံးကြဲပြီး ‘မကြဲဘူး’ လို့ ပြောတာဟာ နေခင်းကြောင်တောင်မှာ ‘ည’ ပါလို့ ပြောနေသလိုပဲ။ ကျွန်တော်တို့ ရဲဘော်တွေနဲ့ ပြည်သူတွေကတော့ အဲဒီလိမ်ညာမှုတွေကို သွေးနဲ့ရင်းပြီး သိနေကြတာ” လို့ စစ်ကိုင်းတိုင်းက တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။
‘ကြက်တူရွေး’ မင်းအောင်လှိုင်တို့ အုပ်စုက သူတို့ရဲ့ ကျရှုံးမှုတွေကို ဖုံးဖို့ အလွတ်ကျက် စကားလုံးတွေကို ရွတ်နေသရွေ့၊ ‘မယ်ဘော်’ လော်ဘီတွေကလည်း အမှား ၈၀ ရာခိုင်နှုန်းနဲ့ ဆက်လက် ကဲနေကြဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမှန်တရားဆိုတာ ‘လက်ဖဝါးနဲ့ နေမင်းကြီးကို ကွယ်လို့မရသလို’ ပါပဲ။
ဝက်လက်က စာသင်ကျောင်းဆောင်ပေါ်က ဗုံးဒဏ်ရာတွေ၊ ပြည်သူတွေရဲ့ မျက်ရည်တွေဟာ စစ်လော်ဘီတွေရဲ့ တယ်လီဂရမ် စာသားတွေထက် ပိုမို ကျယ်လောင်နေမှာဖြစ်ပြီး၊ နောက်ဆုံးမှာတော့ ဒီ ‘ကြက်တူရွေး’ နဲ့ ‘မယ်ဘော်’ တို့ရဲ့ လိမ်ညာမှုပြဇာတ်ဟာ လူထုရဲ့ တရားစီရင်မှုအောက်မှာ အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။
‘မယ်ဘော်’ လော်ဘီတွေရဲ့ ခေါင်းဆောင်ကြီး ပွဲတိုင်းကျော် မင်းအောင်လှိုင်ကတော့ ‘အတန်းပညာနိမ့်ပါးတဲ့ဒေသတွေမှာ ပဋိပက္ခတွေ ဖြစ်နေရတာ’ လို့ အော်နေမြဲ၊ လော်နေဆဲပဲဖြစ်ပါတယ်။
