အမေရိကန်နှင့် အီရန်ရေတပ်တို့အကြား ပင်လယ်ကွေ့အတွင်း ထိပ်တိုက်ရင်ဆိုင်နေရမှုသည် မေလ ၁၀ ရက်တွင် အခြေအနေများ ပိုမိုဆိုးရွားလာခဲ့သည်။
ကာတာနိုင်ငံ ကမ်းလွန်တွင် ကုန်တင်သင်္ဘောတစ်စီး တိုက်ခိုက်ခံခဲ့ရပြီး အီရန်ကလည်း ထိုဒေသရှိ အမေရိကန်၏ အကျိုးစီးပွားများကို ပစ်မှတ်ထားနိုင်ကြောင်း သတိပေးခဲ့သည်။
အဆိုပါ ကုန်တင်သင်္ဘောသည် အဘူဒါဘီမှ ကာတာရေပိုင်နက်အတွင်းသို့ ဝင်ရောက်လာစဉ် Mesaieed ဆိပ်ကမ်း၏ မြောက်ဘက်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ကာတာကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဗြိတိန်ရေကြောင်း ကုန်သွယ်ရေးစစ်ဆင်ရေးဗဟိုဌာန (UKMTO) ကလည်း ကုန်တင်သင်္ဘောကြီးတစ်စီးသည် အမည်မသိ လက်နက်တစ်ခုဖြင့် အပစ်ခံခဲ့ရကြောင်း သတင်းပို့ခဲ့သည်ဟု ဆိုသည်။
“မီးအနည်းငယ် လောင်ကျွမ်းခဲ့ပေမဲ့ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်၊ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။ ပတ်ဝန်းကျင် ထိခိုက်မှုရှိတယ်လို့လည်း သတင်းမရရှိပါဘူး” ဟု ထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် မည်သူ့လက်ချက်ဖြစ်ကြောင်း ချက်ချင်းထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း အီရန်နိုင်ငံ၏ Fars သတင်းဌာနက “ကာတာကမ်းရိုးတန်းအနီး တိုက်ခိုက်ခံရသည့် သင်္ဘောသည် အမေရိကန်အလံလွှင့်ထူထားပြီး အမေရိကန်ပိုင်ဆိုင်သည့် သင်္ဘောဖြစ်သည်” ဟု ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် မေလ ၈ ရက်က အိုမန်ပင်လယ်ကွေ့အတွင်း အီရန်ဆိပ်ကမ်းများသို့ ဦးတည်နေသည့် အီရန်အလံတင် သင်္ဘောနှစ်စင်းကို အမေရိကန် တိုက်လေယာဉ်တစ်စင်းက ပစ်ခတ်တားဆီးခဲ့ပြီးနောက် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က အရှေ့အလယ်ပိုင်းရှိ အမေရိကန်၏ အကျိုးစီးပွားများကို ပစ်မှတ်ထားမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ယခုကုန်တင်သင်္ဘော တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
“အီရန်ရဲ့ ဆီတင်သင်္ဘောတွေနဲ့ ကုန်သွယ်ရေးသင်္ဘောတွေကို ဘယ်လိုတိုက်ခိုက်မှုမျိုးမဆို လုပ်လာရင် ဒီဒေသတွင်းမှာရှိတဲ့ အမေရိကန် ဗဟိုဌာနတွေ ဒါမှမဟုတ် ရန်သူ့သင်္ဘောတွေကို ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်သွားမှာ ဖြစ်တယ်” ဟု IRGC က ဆိုသည်။
ကူဝိတ်စစ်တပ်ကလည်း “ဒီနေ့ အရုဏ်တက်ချိန်မှာ ကူဝိတ်လေပိုင်နက်အတွင်း ဒရုန်းအချို့ကို တွေ့ရှိခဲ့ပြီး သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်” ဟု လူမှုကွန်ရက်တွင် ပို့စ်တင်ခဲ့သည်။
