မဘိမ်းမြို့နယ်၌ KIA နှင့် စစ်ကော်မရှင် တိုက်ပွဲဖြစ်ပွားနေ

ဓာတ်ပုံ - MOI
ပုံစာ - မိုးမိတ်မြို့နယ်ရှိ တရားရုံးအား တွေ့ရစဥ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်ရှိ မဘိမ်းမြို့နယ်အတွင်း၌ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် စစ်ကော်မရှင်တို့ကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

၂၀၂၆ ခုနှစ်၊ မေ ၉ ရက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ ငါးအိုးကျေးရွာ အခြေစိုက် ခလရ ၁၂၁ တပ်ရင်းက ရွှေကူမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာ၍ နှစ်ဖက်တပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာခြင်း ဖြစ်သည်။

“မဘိမ်းမြို့ဘက်ကတော့ အေးဆေးတယ်။ ရွှေကူဘက်ကို သွားတဲ့ ငါးအိုးရွာမှာကတော့ ဆော်နေကြတယ်။ ငါးအိုးရွာက မဘိမ်းမြို့နယ်အစွန်၊ ကချင် – စစ်ကိုင်းအစပ်က ရွာပါ။ KIA နဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတာ၊ အရင်ရက်တွေကလည်း စစ်တပ်က ဗုံးကြဲတယ်” ဟု မဘိမ်းမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။

ဒေသခံအချို့၏ ပြောကြားချက်များအရ လက်ရှိတွင် မိုးမိတ်မြို့အထွက်၌လည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် မဟာမိတ်တပ်များ မေ ၉ ရက်၊ ညနေပိုင်း၌ ရောက်ရှိနေပြီဟု ဆိုသော်လည်း MPA အနေဖြင့် အသေးစိတ်အချက်အလက်များ သိရှိနိုင်ရန် ဆက်လက် စုံစမ်းလျက်ရှိနေသည်။

“မိုးမိတ်ထဲမှာ အင်အား ၁၀၀၀ ဝန်းကျင်ရှိတယ်။ ငါးအိုးကနေ မဘိမ်းလမ်းခွဲစထိုးပြီဆိုမှသာ မိုးမိတ်တပ်တွေ စလှုပ်မယ်ထင်တယ်။ အခုကတော့ မိုးမိတ်က ငြိမ်နေတယ်” ဟု မိုးမိတ်မြို့မှ ဒေသခံတစ်ဦးက ဆိုသည်။

မဘိမ်းမြို့နယ်မှတစ်ဆင့် ကချင်ပြည်နယ်ရှိ ရွှေကူ၊ မံစီ၊ မိုးမောက်နှင့် လက်ရှိ မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေသည့် ဗန်းမော်မြို့နယ်တို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ နမ့်ဖက်ကာမြို့နယ်များကိုလည်း ရောက်ရှိမည် ဖြစ်သည်။

“မဘိမ်းကနေဆိုရင် ဗန်းမော်က စင်းခန်းတံတား၊ မံစီ၊ မိုးမောက်။ ရှမ်းမြောက်ထဲကဆို TNLA ဘက်ကို သွားလို့ရတယ်။ အခု စစ်ရေးကတော့ ရွှေကူသွားမလား၊ မဘိမ်းလား အခြေအနေကြည့်နေရတယ်။ မဘိမ်းကို အကျမခံဘူးလို့ သတင်းထွက်နေတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

၂၀၂၆ ခုနှစ်၊ မေ ၅ ရက်မှ ၈ ရက်အထိ မဘိမ်းမြို့နယ်အတွင်းရှိ သုံးခွ၊ ငို့စင်နှင့် နောပြည်သာကျေးရွာတို့ကို လေကြောင်းနှင့် ဒရုန်းများအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ထို့ပြင် ပြီးခဲ့သည့် ဧပြီလ၌လည်း ရွှေကူမြို့မှ ငါးအိုးကျေးရွာသို့ ထွက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

လက်တလော စစ်ရေးအခြေအနေများအရ မဘိမ်း – မြစ်ဆုံ၊ ငါးအိုး – ရွှေကူနယ်မြေများ၌ စစ်ကော်မရှင်နှင့် နီးကပ်စွာ သွားလာလှုပ်ရှားခြင်း မပြုလုပ်ရန်၊ စစ်ကော်မရှင်၏ လက်နက်ခဲယမ်းနှင့် ရိက္ခာများကို သယ်ယူပို့ဆောင်ခြင်း မပြုလုပ်ကြရန်နှင့် ညနေ ၆ နာရီမှ နံနက် ၉ နာရီအထိ ကုန်းမြေ၌ ဖြစ်စေ၊ ရေပြင်၌ဖြစ်စေ အသံကျယ်လောင်ဆူညံစွာ ထွက်ပေါ်နိုင်သည့် စက်ယန္တရားအသုံးပြုလုပ်ငန်းများကို ရပ်နားထားကြရန် ကချင်ပြည်နယ်အခြေစိုက် ရွှေကူ PDF တပ်ရင်းက ၂၀၂၆ ခုနှစ်၊ မေပထမအပတ်၌ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မတ်လ၌ KIA အနေဖြင့် ကချင်ပြည်နယ်အတွင်း၌ စစ်ရေးအရှိန်မြှင့်တင်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့နယ်အပါအဝင် ကချင်ပြည်နယ်အတွင်းရှိ ကချင်အထူးဒေသ (၁)၊ မြို့နယ် (၁၃) ခုနှင့် စစ်ကော်မရှင် စခန်း ၃၀၀ ကျော်တို့ကို သိမ်းပိုက်နိုင်ခဲ့သည်။