ကက်စပီယန်ပင်လယ် သည် ရုရှားနှင့် အီရန်တို့အတွက် အရေးပါသော ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတစ်ခု ဖြစ်လာပြီး၊ အမေရိကန်စစ်တပ်က လုံးဝလက်လှမ်းမမီနိုင်သော စစ်ဘက်နှင့် ကုန်သွယ်ရေးဆိုင်ရာ လုံခြုံစိတ်ချရသည့် လမ်းကြောင်းတစ်ခု ဖြစ်လာကြောင်း The New York Times က ဖော်ပြထားသည်။
အဆိုပါ ရေလမ်းကြောင်းကို ပေါ်ပေါ်ထင်ထင်နှင့် လျှိူ့ဝှက် သယ်ဆောင်ရေး နှစ်မျိုးစလုံးအတွက် အသုံးပြုနေကြောင်း သိရသည်။
ယင်းကဲ့သို့ အခြေအနေကြောင့် အခြား ရေကြောင်းလမ်းများတွင် အမေရိကန်ရေတပ်က အပြတ်အသတ် သာလွန်နေသော်လည်း အီရန်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသ၌ အင်အားကြီးသော ပြိုင်ဘက်အဖြစ် ဆက်လက်ရပ်တည်နိုင်ခြင်း ဖြစ်သည်။
ရုရှားသည် အီရန်ထံသို့ လူမဲ့လေယာဉ် (UAV) များအတွက် အရေးပါသော အစိတ်အပိုင်းများ ပေးပို့ရန် ကက်စပီယန်ပင်လယ်ကို အသုံးပြုနေသည်ဟု အမည်မဖော်လိုသူ အမေရိကန်အရာရှိများက ပြောကြားသည်။
အီရန်သည် ယူကရိန်းစစ်ပွဲတွင် အသုံးပြုရန် ရုရှားထံ “Shahed” ဒရုန်းများ စတင်ထောက်ပံ့ပေးခဲ့သော်လည်း၊ ယခုအခါ ရုရှားက ၎င်း၏ ကိုယ်ပိုင်အဆင့်မြင့် နည်းပညာများနှင့် ထုတ်လုပ်မှု မြှင့်တင်ရေး နည်းလမ်းများကို အီရန်ထံ ပြန်လည်မျှဝေပေးနေပြီး အီရန်၏ ဒေသတွင်း လက်နက်တိုက်ကို ပြန်လည်ဖြည့်တင်းပေးလျက်ရှိသည်။
ကက်စပီယန်ပင်လယ်တစ်လျှောက်ရှိ အီရန်ဆိပ်ကမ်း လေးခုသည် ဂျုံ၊ ပြောင်း၊ တိရစ္ဆာန်အစာနှင့် နေကြာဆီ တင်သွင်းမှုများကို အတင်အချပြုလုပ်ရန် တစ်ရက်လျှင် ၂၄ နာရီပတ်လုံး လည်ပတ်နေသည်။
အီရန်သည် ယခင်က ဟော်မုဇ်ရေလက်ကြား မှတစ်ဆင့် တင်သွင်းခဲ့သော စားနပ်ရိက္ခာများကို အနောက်အုပ်စု၏ ကြားဖြတ်နှောင့်ယှက်မှုမှ ကင်းဝေးစေရန်အတွက် ယခုအခါ လမ်းကြောင်းပြောင်း၍ တင်သွင်းနေခြင်း ဖြစ်သည်။
ကျွမ်းကျင်သူများက ကက်စပီယန်ပင်လယ်ကို စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးနှင့် စီးပွားရေးပိတ်ဆို့မှုများကို ရှောင်လွှဲရန် “အကောင်းဆုံးနေရာ” အဖြစ် ဖော်ပြကြသည်။
ယင်းနေရာကို ရုရှား၊ အီရန်၊ အဇာဘိုင်ဂျန်၊ ကာဇက်စတန်နှင့် တာ့ခ်မင်နစ္စတန်တို့ကသာ ဝိုင်းရံထားသောကြောင့် အမေရိကန်အတွက် သံတမန်ရေးရာနှင့် စစ်ရေးအရ လှမ်းမမြင်နိုင်သော “ကွယ်ရာနေရာ” (Blind Spot) တစ်ခု ဖြစ်နေ သည်။
ကုန်စည်အမျိုးအစားကို ဖုံးကွယ်ရန်အတွက် ၎င်းတို့၏ တည်နေရာပြအချက်ပြစနစ် (tracking signals) များကို ပုံမှန်ပိတ်ထားလေ့ရှိသည့် Shadow သင်္ဘောများ ထိုဒေသတွင် သိသိသာသာ တိုးပွားလာနေသည်ကို ကျွမ်းကျင်သူများက ပြောကြားသည်။
ပါရှန်ပင်လယ်ကွေ့ သို့မဟုတ် မြေထဲပင်လယ်တို့နှင့်မတူသည့်အချက်မှာ ကက်စပီယန်ပင်လယ်တွင် သံသယဖြစ်ဖွယ် သင်္ဘောများကို တက်ရောက်စစ်ဆေးရန်အတွက် အမေရိကန်၏ ဥပဒေကြောင်းအရ သော်လည်းကောင်း၊ တည်နေရာအရလည်းကောင်း လုပ်နိုင်ခြေ လုံးဝမရှိပေ။
