အာဆတ်အစိုးရလက်ထက် လေတပ်ဦးစီးချုပ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးအစီအစဉ်ဖြင့် ဆီးရီးယားအာဏာပိုင်များ ဖမ်းဆီး

ဓာတ်ပုံ - REUTERS
ပုံစာ - ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလက ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့ရှိ အမှတ် (၄) တပ်မဌာနချုပ်တွင် ကင်းစောင့်နေသော တပ်ဖွဲ့ဝင်တစ်ဦး။

သမ္မတဟောင်း ဘာရှာအယ်လ်အာဆတ် အစိုးရလက်ထက် လေတပ်ဦးစီးချုပ်ဟောင်း ဂျေးအစ်ဇ် အယ်လ်မူဆာကို ဖမ်းဆီးလိုက်ကြောင်း ဆီးရီးယား ပြည်ထဲရေးဝန်ကြီးဌာနက မေလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနက မူဆာကို အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ဆင်ရေးတစ်ခုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း အသေးစိတ်အချက်အလက်များကိုမူ ထည့်သွင်းပြောကြားခြင်း မရှိပေ။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် အာဆတ်အစိုးရ ပြုတ်ကျသွားပြီးနောက် ဆီးရီးယားနိုင်ငံ၏ လုံခြုံရေးအခြေအနေ တိုးတက်လာခဲ့သော်လည်း နိုင်ငံအတွင်းရှိ ဒေသအချို့တွင် ပေါက်ကွဲမှုများနှင့် လုံခြုံရေးဆိုင်ရာ မတည်ငြိမ်မှုများ ရှိနေဆဲဖြစ်သည်။

အဆိုပါဖြစ်ရပ်အချို့ကို အာဏာပိုင်များက “အကြမ်းဖက်လုပ်ရပ်များ” ဟု သတ်မှတ်ခဲ့သည်။

ဆီးရီးယားအစိုးရသည် နယ်ပယ်အသီးသီးတွင် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲခံထားရသော အစိုးရဟောင်း၏ လက်ကျန်အဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးခြင်းဖြင့် အခြေအနေကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသလို ပြည်တွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးကို အနှောင့်အယှက်ဖြစ်စေမည့် မည်သည့်လုပ်ရပ်မဆို ခွင့်ပြုမည်မဟုတ်ကြောင်း ကတိပြုထားသည်။