ရေးဘီလူးကိုကြောက်သဖြင့် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ဝင်ရောက်ရွေးချယ် ခံမည့်သူ မရှိသလောက်နည်းကြောင်း သိရသည်။
ယခု မေလတွင် မွန်ပြည်နယ်၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးအသစ်များ ပြန်လည်ရွေးချယ်တင် မြှောက် မည်ဖြစ်သော်လည်း ရေးမြို့ပေါ်ရပ်ကွက်များတွင်ပင် အုပ်ချုပ်ရေးမှူး ရွေးချယ်ခံမည့်သူ ရှားပါးနေ ကြောင်း ပြည်နယ်အစိုးရတုရုံးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“ရေးဘီလူးကို ရေးမှာရှိတဲ့ စစ်တပ်ရော ရဲရော အုပ်ချုပ်ရေးပိုင်းရော ကြောက်ကြတယ်။ရေးဘီလူးက ပြောက်ကျားတိုက်တာပိုင်တယ်။သတင်းအချက်အလက် အားကောင်းတယ်။ရေးဘီလူးလူတွေက ရေးမြို့ပေါ်မှာလည်း ရှိတယ်လို့ အုပ်ချုပ်ရေးပိုင်းက ယုံကြတယ်။အဲဒါကြောင့် အုပ်ကြီး ဝင်မရွေးရဲကြ ဘူးလို့ ရေးအုပ်ချုပ်ရေးပိုင်းက လူတွေဆီက သိရတယ်”ဟု ၎င်းက MPAသို့ပြောသည်။
မေလ ၁၁ ရက်၊ ညနေ ၆ နာရီခွဲခန့်တွင် လမိုင်းမြို့ ခလရ ၁၀၆ မှ ဒုတပ်ရင်းမှူး ထွန်းရာကျော်ကို လမိုင်းမြို့ ရဲစခန်းအနီး မီတာ ၁၀၀ ခန့်၌ပင် ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းနှင့် ဧပြီ ၂၇ ရက်၊ မွန်းလွဲ ၃ နာရီခန့်က ရေးမြို့နှင့် ချောင်းတောင်ကျေးရွာကို ဆက်သွယ်ထားသော ချောင်း တောင်မြစ်ကူးတံတား၌ လုပ်ပိုင်ခွင့် အာဏာအပြည့်ရှိသည့် ပျူစောထီးမောင်နိုင်အား ရေးဘီးလူး တပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းက ရေးမြို့အုပ်ချုပ်ရေးပိုင်းကို အကြောက်တရား ပိုကြီး စေသည်ဟု သိရသည်။
“လမိုင်းဆိုတာ ရေးမြို့ရဲ့ မြို့နယ်ခွဲအဆင့်။မြို့ထဲက ရဲစခန်းနားမှာ ဒုတပ်ရင်းမှူး အပစ်ခံရတာ။ မောင်နိုင် အသတ်ခံရတာလည်း ရေးမြို့နဲ့ကပ်လျက်။အဲဒါကြောင့် လက်ရှိအုပ်ကြီးတွေတောင် မလုပ် ချင်တော့ဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
ဝင်ရောက်ရွေးချယ်ခံမည့်သူ မရှိပါက လက်ရှိ အုပ်ချုပ်ရေးမှူးများသာ ဆက်လုပ်ရမည့်အခြေအနေရှိ သည်။
ရေးမြို့နယ်အတွင်း လက်ရှိတာဝန်ယူထားသော ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှာ စစ်တပ်နှင့် ကြံ့ဖွံ့ အနွယ်များဖြစ်ကြောင်း သိရသည်။
