တော်လှန်ရေးအဖွဲ့များနှင့် ဒေသခံများအားလုံး စစ်သတင်းလုံခြုံရေး စည်းကမ်းများကို လိုက်နာကြရန် ညွှန်ကြား

ပုံစာ-ဒီပဲယင်းပကဖ က ဒေသတွင်း စည်းရုံးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး ဆောင်ရွက်နေစဉ်။

စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲနေသဖြင့် တော်လှန်ရေးအဖွဲ့များနှင့် ဒေသခံများအားလုံး စစ်သတင်းလုံခြုံ ရေးစည်းကမ်းများကို လိုက်နာကြရန် အမှတ်တစ် ရွှေဘိုခရိုင်စစ်ဌာနက ညွှန်ကြားလိုက်သည်။

မည်သည့်အဖွဲ့အစည်း၊လူပုဂ္ဂိုလ်မဆို သတ်မှတ်ထားသည့် စစ်ဆင်ရေးနယ်မြေအတွင်းသို့ ခွင့်ပြုချက် မရှိဘဲ လုံးဝ မဝင်ရန်။ဒီပဲယင်း၊ရေဦးနှင့် တန့်ဆည်မြို့နယ်အတွင်းရှိ အများပြည်သူသုံးစတားလင့်အင် တာနက်များကို ယာယီပိတ်သိမ်းကြရန်နှင့် တော်လှန်ရေးအဖွဲ့များအနေနှင့် လိုအပ်ချက်အရ အသုံး ပြုပါက လုံခြုံရေးအကန့်အသတ်ဖြင့်သာ အသုံးပြုကြရန်။စစ်ရေးသတင်းအချက်အလက်များနှင့် စစ် ဘေးရှောင်အချက်အလက်များကို အမှတ်တစ် ရွှေဘိုခရိုင်စစ်ဌာန၊ ခရိုင်ကွပ်ကဲရေးမှူး၏ ခွင့်ပြုချက် မရှိဘဲ လူမှုကွန်ရက်များပေါ် လုံးဝမတင်ကြရန် အမှတ်တစ်ရွှေဘိုခရိုင်စစ်ဌာနက ယနေ့(မေ၁၄ရက်) ထုတ်ပြန်ညွှန်ကြားထားသည်။

ထို့အပြင် စစ်ဆင်ရေးဆိုင်ရာ သတင်းအချက်အလက်များကို မည်သည့်မီဒီယာကိုမှ ဖြေဆိုခြင်း မပြုကြရန်နှင့် သတင်းမီဒီယာများအနေနှင့် စစ်ရေးသတင်းအချက်အလက်များ ဖော်ပြလိုပါက ပြည် သူ့ကာကွယ်ရေးတပ်မတော်၊စစ်ကိုင်းတိုင်းစစ်ဌာနနှင့် အမှတ်တစ် ရွှေဘိုခရိုင်စစ်ဌာန၏ တရားဝင် စစ်သတင်းထုတ်ပြန်ချက်များကိုသာ စောင့်ဆိုင်းဖော်ပြကြရန် လေးနက်စွာ အသိပေးကြောင်းလည်း ထုတ်ပြန်ထားသည်။

“အခု ထုတ်ပြန်ချက်ကို ဖတ်လိုက်ရင် ရှင်းပါတယ်။ဘယ်သူမှ ဘာမှမပြောနဲ့လို့ ညွှန်ကြားလိုက်တာ။ ဘာလို့ ညွှန်ကြားသလဲဆိုတော့ လိုင်းပေါ်မှာ ကိုယ့်ကိုယ်ကိုယ် ပြောရေးဆိုခွင့်ရှိသူအမှတ်နဲ့ လျှောက် ပြောကြတာ များတဲ့အခါကျတော့ ရန်သူဆီ သတင်းပေါက်ကြားမှုတွေ များတာလည်း တစ်ကြောင်းပါ မယ်။ကျန်တဲ့ တခြားမေးထားတာတွေကတော့ ဖြေလို့မရဘူး”ဟု ဒေသတွင်း တော်လှန်ရေးရဲဘော် တစ်ဦးက MPAသို့ပြောသည်။

အထက်ပါ သတိပေးတားမြစ်ချက်များကို လိုက်နာခြင်းမရှိသည့် မည်သည့်အဖွဲ့အစည်း၊လူပုဂ္ဂိုလ်ကို မဆို ခြွင်းချက်မရှိ ထိရောက်စွာ အရေးယူသွားမည်ဟုလည်း ဆိုသည်။