ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် အိမ်ဖောက်ထွင်းနေသော ပြည်သူ့စစ်တစ်ဦးကို CDF Hakha ကဖမ်းဆီးခဲ့ကြောင်း သိရသည်။
မေလ ၁၃ရက်က ဟားခါးမြို့တွင်းတစ်နေရာတွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တစ်ဦး ဖောက်ထွင်းမှုကျူးလွန်နေစဉ် CDF – Hakha တပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ကြောင်း ယနေ့ ( မေလ ၁၄ရက် ) သတင်းထုတ်ပြန်သည်။
” သူကတော့ ဓားပြမှုနဲ့ နာမည်ကြီးနေတဲ့တစ်ယောက်ပေါ့။ အရင်က ဟားခါး အထကကျောင်းနားမှာ အိမ်ဖောက်ပြီး ပစ္စည်းခိုးတာတွေ၊ ဓားပြတိုက်တာတွေ တောက်လျှောက် ကျူးလွန်နေတယ်လို့ ကျနော်တို့ သတင်းရထားရှိတယ်။ ခုလည်း အိမ်တစ်အိမ်ကို ဖောက်ထွင်းဖို့ ကြံစည်နေတုန်း၊ လုပ်နေတုန်းမှာ သွားရောက်ဖမ်းဆီးခဲ့တာပါ” ဟု CDF – Hakha ၏ အထွေထွေအတွင်းရေးမှူးက MPA ကို ပြောသည်။
၎င်းကို ဖမ်းဆီးစဉ် လက်ပစ်ဗုံးတစ်လုံးလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“သူ့ကို ဖမ်းဆီးရမိပြီဆိုတော့ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လတ်တလော စစ်ရေးအခြေအနေများကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်သည့် နေရာများနှင့် လူသွားလာမှု နည်းပါးသော နေရာများသို့ ပြည်သူများ မလိုအပ်ဘဲ သွားလာခြင်းမပြုကြရန် CDF – Hakha က မေတ္တာရပ်ခံထားသည်။
ဧပြီ ၂၅ရက်တွင် ဖလမ်းမြို့ကို စစ်တပ်က သိမ်းပိုက်ပြီးနောက် ဖလမ်း – ဟားခါးလမ်းပိုင်းအတိုင်း စစ်ကြောင်းထိုးလာသောကြောင့် ဟားခါးမြို့နယ်အတွင်း စစ်ရေးတင်းမာလျက်ရှိသည်။
ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့ကို စစ်တပ်က ထိန်းချုပ်ထားသော်လည်း CDF Hakha က မကြာခဏဆိုသလို မြို့ပြစစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။
