ကမ္ဘာ၌ တရုတ်-အမေရိကန် ဆက်ဆံရေးသည် အရေးကြီးဆုံးဖြစ်ပြီး အမှားယွင်းမခံဟု ရှီကျင့်ဖျင်ပြော

တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်-အမေရိကန် ဆက်ဆံရေးသည် ကမ္ဘာတွင် အရေးအကြီးဆုံးဖြစ်သဖြင့် အောင်မြင်အောင် တည်ဆောက်ရမည်ဖြစ်ပြီး ဘယ်သောအခါမှ အမှားအယွင်းမခံနိုင်ကြောင်း ပေကျင်းမြို့၊ ဂုဏ်ပြုညစာစားပွဲတွင် ပြောကြားခဲ့သည်။

သမ္မတ ထရမ့်အနေဖြင့် အီရန်ကို ဖိအားပေးပြီး စစ်ပွဲရပ်တန့်နိုင်ရေးအတွက် တရုတ်၏ အကူအညီကို မျှော်လင့်နေသော်လည်း တရုတ်ဘက်က မည်မျှအထိ ကူညီမည်ကိုမူ မရေရာသေးပေ။

ဆွေးနွေးပွဲအပြီးတွင် သမ္မတ ထရမ့်က ရှီကျင့်ဖျင်အား လာမည့် စက်တင်ဘာလ ၂၄ ရက်တွင် အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ရန် တရားဝင် ဖိတ်ကြားခဲ့သည်။

ကြာသပတေးနေ့က စတင်ခဲ့သည့် နှစ်ရက်ကြာ ထိပ်သီးဆွေးနွေးပွဲ၌ ခေါင်းဆောင်နှစ်ဦးသည် ကုန်သွယ်ရေးနှင့် ကမ္ဘာ့လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်နာရီကျော်ကြာ တံခါးပိတ်ဆွေးနွေးခဲ့ကြသည်။

သမ္မတ ရှီကျင့်ဖျင်က ကုန်သွယ်ရေးဆွေးနွေးမှုများတွင် တိုးတက်မှုရှိနေခြင်းကို အသိအမှတ်ပြုခဲ့သော်လည်း ထိုင်ဝမ်အရေးနှင့် ပတ်သက်၍မူ ပြင်းထန်သော သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်ကိစ္စတွင် သဘောထားကွဲလွဲမှုများ ရှိလာပါက နှစ်နိုင်ငံဆက်ဆံရေးမှာ အန္တရာယ်ရှိသည့် လမ်းကြောင်းသို့ ရောက်ရှိသွားနိုင်သလို ထိပ်တိုက်တွေ့ဆုံ ပဋိပက္ခများအထိ ဖြစ်လာနိုင်ကြောင်း ၎င်းက ပြတ်သားစွာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အမေရိကန်ဘက်က ထုတ်ပြန်သည့် ဆွေးနွေးပွဲအကျဉ်းချုပ်တွင်မူ ထိုင်ဝမ်အရေးကို ထည့်သွင်းဖော်ပြခြင်း မရှိဘဲ အီရန်စစ်ပွဲကြောင့် ပိတ်ဆို့နေသည့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးကိုသာ အဓိကထား ဖော်ပြခဲ့သည်။

ခေါင်းဆောင်နှစ်ဦးစလုံးက အဆိုပါ အရေးပါသည့် ရေလမ်းကြောင်းကို ပြန်ဖွင့်ရန် သဘောတူခဲ့ကြပြီး တရုတ်နိုင်ငံအနေဖြင့်လည်း အရှေ့အလယ်ပိုင်းအပေါ် မှီခိုနေရမှုကို လျှော့ချရန်အတွက် အမေရိကန်ထံမှ ရေနံကို ပိုမိုဝယ်ယူရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်ခဲ့သည်။

ကုန်သွယ်ရေးနှင့် နည်းပညာကဏ္ဍတွင်လည်း ပြီးခဲ့သည့် အောက်တိုဘာလက ရရှိခဲ့သည့် သဘောတူညီချက်များကို ဆက်လက်ထိန်းသိမ်းထားရန် ညှိနှိုင်းခဲ့ကြသည်။

တရုတ်နိုင်ငံက အမေရိကန်ထုတ် ဘိုးရင်းလေယာဉ်များကို အလုံးအရင်းနှင့် ဝယ်ယူရန် ဆွေးနွေးခဲ့သလို၊ အီလွန်မတ်စ်နှင့် Nvidia CEO တို့ကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်ကြီးများကလည်း အဆင့်မြင့် AI ချစ်ပ်ပြားများ တရုတ်သို့ တင်ပို့နိုင်ရေးအတွက် ပါဝင်ညှိနှိုင်းခဲ့ကြသည်။

လက်ရှိတွင် အီရန်စစ်ပွဲကြောင့် အမေရိကန်၌ ကုန်ဈေးနှုန်းများ မြင့်တက်နေသဖြင့် သမ္မတ ထရမ့်အနေဖြင့် ယခုခရီးစဉ်မှတစ်ဆင့် စီးပွားရေးအရ အောင်မြင်မှုများရရှိရန် အလေးအနက် မျှော်လင့်နေခြင်း ဖြစ်သည်ဟု သိရသည်။