မြန်မာမှာ အာဏာရှင်စနစ်ချုပ်ငြိမ်းမှ ငြိမ်းချမ်းမှုကို ရှာဖွေနိုင်မည်ဟု ကင်မ်အဲရစ်ဆို

By Ra Wai / MPA

မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ချုပ်ငြိမ်းမှ ငြိမ်းချမ်းမှုကို ရှာဖွေနိုင်မှာဖြစ်ကြောင်း လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်(ခ)ကိုထိန်းလင်းက ပြော သည်။

ယနေ့(စက်တင်ဘာ၂၀ရက်)တွင် ကင်မ်အဲရစ်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ထုတ်ပြန်လိုက် သော ရုပ်သံဖိုင်၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားထားသည်။

“အခုဆိုရင် စစ်တပ်က ကျနော်တို့ကြားမှာ ကြောက်ရွံ့မှုတွေ တိုးပွားအောင်လုပ်ပြီးတော့ ပြိုကွဲခြင်း တွေဖြစ်ပေါ်အောင် လုပ်နေပါတယ်။ဒီလိုလုပ်မှပဲ သူတို့ရဲ့အာဏာကို ဆက်ထိန်းနိုင်မှာ မို့လို့ပါ။သူတို့ က ပြည်သူတွေ ပြိုကွဲအောင် လုပ်ပြီးတော့ သူတို့အောင်မြင်အောင် လုပ်မယ်။ ပြိုကွဲအောင်လုပ်ပြီး တော့ အသံတိတ်အောင် လုပ်မယ်။ဒီလို ပြိုကွဲအောင် လုပ်ပြီးမှ သူတို့ရှင်သန်အောင် လုပ်ကြမယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်၏ လုပ်ရပ်များကို အဆုံးသတ်နိုင်ရန်အတွက် အဖွဲ့အစည်းများရော မျိုးဆက်တစ်ခုလုံး အနေ နှင့်ပါ စည်းလုံးညီညွတ်စွာ စုပေါင်းရပ်တည်ရမည်ဖြစ်ကြောင်းလည်း ဆိုသည်။

“ထပ်ပြီး ပြောပါရစေ၊စည်းလုံးခြင်းက ကျနော်တို့ရဲ့ အကောင်းမွန်ဆုံး ခွန်အားတစ်ရပ်ပဲ ဖြစ်ပါတယ်။ ပြီးတော့ အားလုံးပါဝင်မှ မေမေ အပါအဝင် တခြားသန်းပေါင်းများစွာသော လူတွေ အသက်ပေးပြီး ပေးဆပ်ထားကြရတဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအနာဂတ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မတူကွဲပြားခြင်း၏ ခွန်အားကို ယုံကြည်ကြောင်းလည်း ၎င်းက ဆိုသည်။

ဒေါက်တာမိုက်ကယ်အဲရစ်သည် ၎င်း၏ဇနီး ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီရေးလှုပ်ရှားမှုများ ကို ထောက်ခံပံ့ပိုးပေးခဲ့သူဖြစ်ကြောင်း ယခုအခါ ဖခင် ဒေါက်တာမိုက်ကယ်အဲရစ်၏ တာဝန်ကို ၎င်းက လက်ဆင့်ကမ်းယူထားပြီဖြစ်ကြောင်းလည်း ကင်မ်အဲရစ်က ပြောသည်။

စာတည်း-ML