By Hsu Yee / MPA
မွန်လူမျိုးအခြေပြုတပ်တော်များ ပေါင်းစည်းနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရာမညမွန်တပ်တော်(NMSP-AD/RMA)ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောသည်။
စက်တင်ဘာ ၁၈ ရက်တွင် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်ရှိသည့် မွန်ပြည်ပေါ်ထွန်းရေး ကိုရည်ရွယ်ကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်နိုင်ရန်အတွက်မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင် တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော်(NMSP-AD/RMA) နှင့် မွန်လွတ်မြောက်ရေးတပ်တော်(MLF)တို့ ပေါင်းစည်းလိုက်ပြီးနောက် ၎င်းက အထက်ပါအတိုင်း ပြောသည်။
“ဒီကျနော်တို့မွန်ပြည်သူတွေ အစဉ်အမြဲတိုက်တွန်း တောင်းဆိုနေတဲ့ တစ်ခုတည်းသော မွန်တပ် တော် ပေါ်ထွန်းရေးအတွက်ကိုလည်း ရှေ့တစ်လှမ်းတိုးသွားစေတယ်လို့ ယူဆလို့ရပါတယ်။နောက်ပြီး ကျနော်တို့လည်း ကျန်တဲ့ မွန်လူမျိုးအခြေပြု တပ်တော်တွေ အားလုံးပေါင်းစည်းနိုင်ဖို့အတွက်လည်း နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ပြောချင်ပါတယ်”ဟု ၎င်းက MPA သို့ပြောသည်။
မွန်လွတ်မြောက်ရေးတပ်တော်(MLF)မှ ဦးဆောင်ကော်မတီဝင်များနှင့် တပ်ဖွဲ့ဝင်တို့သည် ရာမညမွန်တပ်တော် (NMSP-AD/RMA)၏ နိုင်ငံရေး၊ စစ်ရေးလုပ်ငန်းများတွင် တာဝန်ယူသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
“အခုလို ကျနော်တို့ ပူးပေါင်းလိုက်ခြင်းအားဖြင့် စစ်အာဏာရှင်ကိုအတူ တိုက်ဖျက်နေတဲ့နေရာမှာ နိုင်ငံရေးအရရော စစ်ရေးအရပါ ပိုပြီး ထိရောက်ပြီးတော့ ပိုပြီး အားဖြစ်သွားစေမယ်လို့ ပြောလို့ရပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ရာမညမွန်တပ်တော်(RMA)သည် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် မွန်ပြည်ပေါ်ထွန်းရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းများ ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းတိုက်ပွဲဝင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) ကာကွယ်ရေးဌာနအောက်တွင် မွန်ပြည်တော်လှန်ရေးတပ်နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF)တို့ တာဝန်ထမ်းဆောင်နေပြီး အခြားတော်လှန်ရေးအင်အားစုများနှင့် စစ်ရေးလှုပ်ရှားမှုများ ပူးပေါင်းဖော်ဆောင်လျက်ရှိသည်။
ဩဂုတ် ၂၇ ရက်တွင်လည်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)နှင့် အမှတ် တစ် စစ်ဆင်ရေးနယ်မြေ ၊ နည်းဗျူဟာ ၃၃ တို့ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းခဲ့သေးသည်။
စာတည်း-ML
