စစ်ကော်မရှင်က မကွေးတိုင်း၊ ပခုက္ကူမြို့မှ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ မြို့နယ်များကို အဓိကထား၍ အခြေခံစားသောက်ကုန်နှင့် ရိက္ခာပစ္စည်းသယ်ဆောင်ခွင့် ပိတ်ပင်ထားကြောင်း ကုန်သည်များနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံက သိရှိရသည်။
၂၀၂၆ ခုနှစ်၊ မေ ၁၃ ရက်မှစ၍ စစ်ကော်မရှင်က ပခုက္ကူမြို့အနောက်ဘက်ခြမ်းရှိ လက်ရှိစစ်ကြောင်းထိုးနေသည့် ယောဒေသအပါအဝင် မြိုင်၊ ပေါက်၊ မြစ်ခြေ၊ ရေစကြို၊ ဆိပ်ဖြူ၊ ချောက်၊ ရေနံချောင်း၊ စလင်း၊ မန္တလေးတိုင်းအတွင်းရှိ ငါ့သရောက်နှင့် ညောင်ဦးမြို့နယ်တို့ကို ဖြတ်လေးဖြတ်လုပ်ဆောင်နေခြင်း ဖြစ်သည်။
“ပခုက္ကူမြို့ထဲကို ပစ္စည်းအဝင်လက်ခံတယ်၊ အထွက်က လုံးဝကို မရတာပါ။ ပို့ရမယ့်ပစ္စည်းမှန်သမျှ ပြန်ယူခဲ့ရတယ်။ ကားဂိတ်တွေကလည်း ပို့လို့မရဘူးလို့ပဲ ပြောတယ်။ ကားချည်းပဲ သွားရတာ၊ တစ်ပတ်လောက်ရှိပြီ။ ဆန်၊ ဆီ၊ ဆေးဝါးတွေ သယ်လို့မရတာ” ဟု ပခုက္ကူမြို့မှ ကုန်ဆိုင်ပိုင်ရှင်တစ်ဦးက MPA သို့ ပြောသည်။
စားနပ်ရိက္ခာ ဆန်၊ ဆီနှင့် ဆေးဝါးများအပြင် တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ စားသောက်ကုန် ကုန်စိမ်း၊ ကုန်ခြောက်များကိုလည်း သယ်ယူခွင့်မပေးဘဲ ပိတ်ပင်ထားသည်။
စစ်ကော်မရှင်က ရေနံထွက်ရှိရာ မြိုင်၊ ပေါက် မြို့နယ်များကိုလည်း ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာနှင့် ဂျက်ဖိုက်တာများအသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး ပေါက်မြို့နယ်တောင်ပိုင်းကိုလည်း စစ်ကြောင်းထိုးလှုပ်ရှားလျက်ရှိနေသည်။
“ဆိပ်ဖြူကပစကနေပြီး ပေါက်တောင်ပိုင်းကို စစ်ကြောင်းဝင်နေတာ ရှိပါတယ်။ ပေါက်မြောက်ပိုင်းဆို ဗုံးကြဲတယ်။ စစ်ကြောင်းက ဘယ်ကိုသွားမလဲတော့ မပြောတတ်သေးဘူး။ စစ်ကြောင်းကြောင့် စစ်ရှောင်နေကြတာတွေတော့ ရှိတယ်။ ရေနံမှော်တွေကိုလည်း ဗုံးကြဲနေတော့ သေကြတာတွေ ရှိတယ်” ဟု ပေါက်မြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
မေ ၁၈ ရက်မှစ၍ ပေါက်မြို့နယ်အတွင်းသို့ ဆိပ်ဖြူ ကပစ ၂၂ မှ ရိက္ခာယာဉ်တန်းနှင့်အတူ အင်အားအများအပြားဖြင့် ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်လာနေသောကြောင့် ပေါက်မြို့နယ်နှင့် ဆိပ်ဖြူ ကပစ ၂၂ ကြား ပုသိမ် – မုံရွာ ကားလမ်းဘေးတစ်လျှောက်၌ ရှိကြသည့် ကျေးရွာ (၇) ရွာမှ အိမ်ထောင်စု (၁,၂၀၀) ခန့်၊ ပြည်သူလူဦးရေ (၆,၅၀၀) နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပေါက်ပအဖက ထုတ်ပြန်ထားသည်။
ထို့ပြင် လက်ရှိတလော စစ်ကြောင်းသုံးကြောင်းခွဲကာ ဝင်ရောက်နေသည့် ဆောနှင့် ကျောက်ထုမြို့နယ်ရှိ ဒေသခံများအနေဖြင့်လည်း စစ်ရေးအခြေအနေများအရ ကုန်ပစ္စည်းမှာယူခြင်းများ ရပ်ဆိုင်းထားသည်။
“ပခုက္ကူကနေလည်း ပစ္စည်းသယ်လို့မရဘူး။ ကျမတို့ဘက်က အခြေအနေတွေအရလည်း ကုန်လည်းမမှာတော့ဘူး။ ရှိတာနဲ့ပဲ ရောင်းနေတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
စစ်တပ်လော်ဘီ ကျော်စိုးဦးက မန္တလေးတိုင်းအတွင်းရှိ ညောင်ဦးဒေသတစ်ကြော၌ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က မရှင်းလင်းနိုင်သေးကြောင်း ၎င်း၏ Tiktok အကောင့်၌ ဖော်ပြထားသည်။
ပခုက္ကူမြို့အနေဖြင့် လက်ရှိတိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည့် နယ်မြေများနှင့် ထိစပ်နေ၍ ယခုကဲ့သို့ ရိက္ခာဖြတ်တောက်ခြင်းဖြစ်နိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ၌လည်း စစ်ကော်မရှင်က ပခုက္ကူမြို့မှတစ်ဆင့် အခြားမြို့များသို့ ရိက္ခာသယ်ယူခွင့်ကို ကန့်သတ်ခဲ့သေးသည်။
စာတည်း-ကိုဆန်း
