မြောက်ကိုရီးယား နျူကလီးယားအရေးကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် အမေရိကန်ကို တရုတ်တိုက်တွန်း

China Daily

ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်နည်းလမ်း ဖြင့် နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန်” ဆောင်ရွက်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေလ ၁၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

သို့သော် အမေရိကန်အစိုးရက ‘မြောက်ကိုရီးယားအား နျူကလီးယားကင်းစင်စေရေး “ဘုံရည်မှန်းချက်” အပေါ် ထပ်လောင်းအတည်ပြုခဲ့ကြသည်’ ဆိုသော ထုတ်ပြန်ချက်အပေါ် တိုက်ရိုက်မှတ်ချက်ပေးခြင်း မပြုခဲ့ပေ။

“ကိုရီးယားကျွန်းဆွယ်အရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ မူဝါဒဟာ မပြောင်းလဲဘဲ ဆက်ရှိနေပါတယ်။ ဒီပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ တိုးမြှင့်ဆောင်ရွက်ရာမှာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ကူညီပေးနေပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော့ကျားကွန် က ပေကျင်းမြို့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် “သက်ဆိုင်ရာအဖွဲ့အစည်းများ” ကို ကိုရီးယားကျွန်းဆွယ်အရေး၏ “အရင်းခံအကြောင်းတရားနှင့် အဓိကသော့ချက်” ကို ရင်ဆိုင်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တိုက်တွန်းလျက်ရှိကြောင်း၊ တင်းမာမှုများကို လျှော့ချရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက်လည်း အပြုသဘောဆောင်သော ကြိုးပမ်းမှုများကို လုပ်ဆောင်သွားရန် ကတိပြုထားကြောင်းလည်း ကော့က ထည့်သွင်းပြောကြားခဲ့သည်။

မကြာသေးမီလများအတွင်း ဒုံးကျည်စမ်းသပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့သော မြောက်ကိုရီးယားနိုင်ငံကမူ ၎င်းတို့၏ နျူကလီးယား ပိုင်ဆိုင်မှုအခြေအနေသည် “နောက်ကြောင်းပြန်လှည့်၍မရတော့ဘဲ အတည်ဖြစ်ကြောင်း” ကြေညာထားပြီး ဖြစ်သည်။