UFC ရဲ့ အိမ်ဖြူတော်ပွဲမှာ ချင်းနွယ်ဖွားဖိုက်တာ ဂျော့ရှုအာဗန် အထူး ဧည့်သည်အဖြစ် တက်ရောက်ခွင့်ရရှိ

By MPA

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် လာမည့်ဇွန်လအတွင်း ပြုလုပ်မည့် UFC Freedom 250 Fan Fest ပွဲစဉ်၌ မြန်မာဖိုက်တာ၊ ချင်းနွယ်ဖွား ဂျော့ရှုအာဗန် (Joshua Van) အထူး ဧည့်သည်အဖြစ် UFC ၏ ယမန်နေ့( မေ ၁၈ရက်) ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါပွဲစဉ်သည် အမေရိကန်နိုင်ငံ လွတ်လပ်ရေးရသည့် နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အနေဖြင့် ကျင်းပခြင်းဖြစ်ပြီး၊ အိမ်ဖြူတော် မြက်ခင်းပြင်ကို UFC ကြိုးဝိုင်းအဖြစ် အသွင်ပြောင်း၍ ကျင်းပသွားမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့် သီတင်းပတ်များကတည်းက ပြောကြားထားခဲ့ခြင်း ဖြစ်သည်။

ပွဲအတွင်း တေးဂီတဖျော်ဖြေပွဲများအပြင် UFC ပရိသတ်များအနေဖြင့် မိမိတို့ ကြိုက်နှစ်သက်သည့် ဖိုက်တာများနှင့် တွေ့ဆုံနှုတ်ဆက်ခွင့် ရရှိကြမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းကမှ ဂျပန်ဖိုက်တာ တက်ဆူရို တိုင်ရာ (Tatsuro Taira) ကို အနိုင်ရရှိကာ UFC Flyweight ချန်ပီယံခါးပတ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည့် ဂျော့ရှုအာဗန်သည် ဇွန် ၁၃ ရက်နှင့် ၁၄ ရက်များတွင် ပြုလုပ်မည့် အိမ်ဖြူတော်ပွဲစဉ်၏ အထူးဧည့်သည်စာရင်းတွင်ပါဝင်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲတွင် ဗန်အပြင် ကားလို့စ် အာလ်ဘာ့ဂ် (Carlos Ulberg)၊ မက်ကန်ဇီ ဒါန်း (Mackenzie Dern) တို့ကဲ့သို့ UFC Light Heavyweight ဝိတ်တန်းနှင့် UFC Strawweight ဝိတ်တန်းမှ ချန်ပီယံများလည်း ပါဝင်ကြမည်ဖြစ်သည်။

UFC Flyweight ဝိတ်တန်းချန်ပီယံ ဖြစ်လာခဲ့ပြီးနောက် ဂျော့ရှုအာဗန်သည် အာရှခရီးစဉ်အဖြစ် မလေးရှားနိုင်ငံတွင် ကျင်းပမည့် ချင်းဒုက္ခသည်ကော်မတီ (CRC) ၏ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားသို့ တက်ရောက်ရန် ရှိနေသည်။

၎င်းသည် အမေရိကန်နိုင်ငံသို့ မရောက်ရှိမီ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ဝန်းကျင်ခန့်က မလေးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ် နှစ်နှစ်နီးပါးကြာ ယာယီခိုလှုံခဲ့ဖူးကြောင်းလည်း သိရှိရသည်။