ဘီလာရုဇ်နှင့် ရုရှားတို့ စစ်ရေးလေ့ကျင့်မှုအတွင်း နျူကလီးယားလက်နက်များအား စစ်မြေပြင်၌ အသုံးပြုရေး ပါဝင်

DW

ရုရှား၏ နျူကလီးယားလက်နက်များ ပါဝင်သည့် စစ်ရေးလေ့ကျင့်မှုများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဘီလာရုဇ်နိုင်ငံက မေလ ၁၈ ရက်တွင် ကြေညာခဲ့သည်။

ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်စစ်စတင်ခဲ့ပြီး တစ်နှစ်အကြာ ၂၀၂၃ ခုနှစ်တွင် ဘီလာရုဇ်ခေါင်းဆောင် အလက်ဇန္ဒားက ရုရှား၏ မဟာဗျူဟာမြောက် နျူကလီးယားဒုံးကျည်များကို ၎င်း၏နိုင်ငံအတွင်း လာရောက်အခြေစိုက်ရန် သဘောတူညီခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အဆိုပါဒုံးကျည်များ အသုံးပြုမှုအပေါ် ရုရှားကသာလျှင် လုံးဝချုပ်ကိုင်ထားကြောင်း ပြောကြားထားသည်။

၂၀၂၄ ခုနှစ်တွင် ရုရှားအစိုးရက ပြင်ဆင်ရေးဆွဲထားသော နျူကလီးယားမူဝါဒကို ထုတ်ပြန်ခဲ့ပြီး၊ ယင်းမူဝါဒအရ ဘီလာရုဇ်နိုင်ငံအား ရုရှား၏ နျူကလီးယားကာကွယ်မှုအောက်တွင် ထည့်သွင်းပေးခဲ့သည်။

ဘီလာရုဇ်သည် ရုရှား၊ ယူကရိန်းအပြင် နေတိုး (NATO) မဟာမိတ်အဖွဲ့ဝင် သုံးနိုင်ငံနှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေသည်။

ဘီလာရုဇ် ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အဆိုပါစစ်ရေးလေ့ကျင့်မှုများသည် ဘီလာရုဇ် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် “ခေတ်မီလက်နက်များ” ကို အသုံးပြုနိုင်စွမ်းရှိစေရန် အဆင်သင့်ပြင်ဆင်ပေးသည့် ရည်ရွယ်ချက် ဖြစ်ကြောင်း ပါရှိသည်။

ရုရှားနှင့် ပူးပေါင်းလုပ်ဆောင်သည့် ယခုစစ်ရေးလေ့ကျင့်မှုများတွင် နျူကလီးယားခဲယမ်းမီးကျောက်များကို သယ်ယူပို့ဆောင်ခြင်းနှင့် ယင်းတို့ကို အသုံးပြုရန် အဆင်သင့်ပြင်ဆင်ခြင်း လေ့ကျင့်ခန်းများ ပါဝင်မည်ဖြစ်ကြောင်းလည်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထို့အပြင် အပြင် ဘီလာရုဇ်တစ်ဝန်းရှိ ကြိုတင်ပြင်ဆင်ထားခြင်းမရှိသော နေရာများမှနေ၍ စစ်ရေးအရ အဆင်သင့် ဖြန့်ကြက်နိုင်မှု ရှိ၊ မရှိ စမ်းသပ်ခြင်းအပေါ် အဓိကအာရုံစိုက်သွားမည်ဖြစ်ပြီး၊ ရန်သူမသိအောင် လျှို့ဝှက်ထားရှိမှု၊ အဝေးသင်္ဘောရွှေ့ပြောင်းမှုများနှင့် တပ်ဖွဲ့ဝင်များနှင့် စစ်လက်နက်ပစ္စည်းများ၏ လုပ်ငန်းဆောင်ရွက်မှု ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းတို့ကို အဓိကထား လေ့ကျင့်သွားမည်ဟု ဆိုသည်။

“ဒီစစ်ရေးလေ့ကျင့်မှုဟာ ရုရှားနဲ့ ဘီလာရုဇ် မဟာမိတ်အဖွဲ့ အတွင်း ကြိုတင်စီစဉ်ထားတဲ့ လေ့ကျင့်ရေးအစီအစဉ်တစ်ခုသာ ဖြစ်ပြီး၊ တတိယနိုင်ငံတွေကို ရည်ရွယ်တိုက်ခိုက်တာမျိုး မဟုတ်သလို ဒေသတွင်း လုံခြုံရေးကိုလည်း ခြိမ်းခြောက်မှု ဖြစ်စေမှာမဟုတ်ပါဘူး” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။