ကချင်ပြည်နယ်၊ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများနှင့် မြို့များသို့ ခရီးသွားလာနိုင်ရန် ခရီးသည်တင်ယာဉ်လိုင်း စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
၂၀၂၆ ခုနှစ်၊ မေ ၁၆ ရက်မှစ၍ လိုင်ဇာမြို့မှ မိုင်ဂျာယန်မြို့အပါအဝင် ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ကုန်းလော၊ ပန်ချိုးဟိုင်၊ မန်နောင်၊ စင့်ကင်၊ တိမ်းဖာကျေးရွာများသို့ ခရီးသည်တင်ယာဉ် ပြေးဆွဲမည် ဖြစ်သည်။
“မေ ၁၆ ရက်ကတည်းက စပြီး ကားဆွဲနေတာ။ ၁၉ ရက်နေ့မှာ မြို့သစ်၊ ကုန်းလောဘက်ကို စပြီး ပြေးတယ်။ ကားခဈေးသက်သာတော့ ပြည်သူတွေအတွက်လည်း ငွေကြေးသက်သာတော့ အဆင်ပြေကြတယ်” ဟု လိုင်ဇာမြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက MPA သို့ ပြောကြားသည်။
လိုင်ဇာမြို့မှ မိုင်ဂျာယန်မြို့သို့ တရုတ်ငွေ ယွမ် ၂၀၀၊ လိုင်ဇာမြို့မှ ဂါးရားယန်၊ မြို့သစ်ဘက်သို့ တစ်သောင်းကျပ်နှင့် လိုင်ဇာမြို့မှ တိမ်းဖာသို့ မြန်မာငွေ ၂၅,၀၀၀ ကျပ်သာ ကျသင့်မည် ဖြစ်သည်။
“လိုင်ဇာမှာက အနီးပတ်ဝန်းကျင်က စစ်ရှောင်တွေ အများကြီးရှိတယ်။ အခုလို ဈေးနှုန်းသက်သက်သာသာနဲ့ ကားလိုင်းပြေးပေးတော့ အရမ်းလည်း ဝမ်းသာတယ်။ အခုက ဓာတ်ဆီဈေးနဲ့လည်း ခရီးတစ်ခုသွားဖို့က ခက်တယ်။ ကုန်ပစ္စည်းတင်ရင်လည်း တန်ဆာခ သက်သာတော့ ကောင်းတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ဘတ်စ်ကားများအတွက် ကားရပ်နားကွင်းကို လိုင်ဇာမြို့၊ ညဈေးတန်းတွင် ဖွင့်လှစ်ထားပြီး၊ ယာဉ်လိုင်းပြေးဆွဲနေမှုအချိန်များနှင့် ခရီးသွားလာမည့်နေရာများကိုလည်း သတ်မှတ်ထားကြောင်း သိရသည်။
ထို့ပြင် KIO ဌာနချုပ်အနီးရှိ ကျေးရွာများမှ လိုင်ဇာမြို့ရှိ ပြည်သူ့ဆေးရုံသို့ လာရောက်၍ ကျန်းမာရေးကုသမှု ခံယူနေရသည့် ပြည်သူများအတွက်လည်း ခရီးစရိတ် သက်သာရကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင်လည်း KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ မြို့သစ်၊ ကုန်းလော၊ ဂါးရာယန်နှင့် ဂန်ဒေါင်ယန်ကျေးရွာသို့ ခရီးသွားယာဉ်လိုင်းများ ပြေးဆွဲပေးခဲ့ပြီး ယခုနှစ်တွင် ပြန်လည်ပြေးဆွဲခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးအရှိန်မြှင့်တင်ခဲ့ပြီးနောက် ဗန်းမော် – လွယ်ဂျယ်လမ်းပိုင်းနှင့် ဝိုင်းမော် – လိုင်ဇာလမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်း ၃၀၀ ကျော်အပါအဝင် နယ်စပ်ကုန်သွယ်ရေးမြို့တော် လွယ်ဂျယ်၊ မိုးမောက်၊ ဆွမ်ပရာဘွမ်၊ ဆင်ဘို၊ ဆဒုံး၊ အင်းဂျန်ယန်၊ ဒေါ့ဖုန်းယန်နှင့် မြို့လှမြို့နယ်တို့ကို သိမ်းပိုက်ရရှိခဲ့ကာ၊ လက်ရှိတွင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိနေသည်။
စာတည်း-ကိုဆန်း
