By Mon Lay / MPA
ရန်ကုန်မြို့နေ လူလတ်တန်းစားများသည် အလုပ်ပြုတ်မည့်အရေးကို စိုးရိမ်သောကကြီးနေကြ ကြောင်း သိရသည်။
ရန်ကုန်မြို့နေ လူလတ်တန်းစားအဆင့်ရှိ ကုမ္ပဏီဝန်ထမ်း၇ဦးနှင့် စက်ရုံဝန်ထမ်း၄ဦးတို့ကို ၎င်းတို့ လတ်တလောကြုံတွေ့နေရသည့် အဓိက စိုးရိမ်သောက ဖြစ်နေမှုအား MPAက မေးမြန်းခဲ့ရာ အ ထက်ပါအတိုင်း တညီတညွတ်တည်း ဖြေကြားကြသည်။
တောင်ဥက္ကလာပ၊၁၀ရပ်ကွက်နေ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက “လောလောဆယ်အ ကြောက်ဆုံးကို ပြောပါဆိုရင် အလုပ်ပြုတ်မှာကိုပဲ။လကုန်ရင် ဝန်ထမ်းတွေကို လစာပေးဖို့ကို သူ ဌေးလည်း ရုန်းကန်နေရတာသိတော့ ဘယ်တော့ လူလျှော့တဲ့အထဲ ကိုယ်ပါမလဲဆိုတာ တွေးပူနေ ရတယ်”ဟု ဆိုသည်။
အာဏာမသိမ်းခင်ကာလက ဝန်ထမ်းအင်အား၆၀ကျော်ရှိပြီး စီးပွားရေးအရလည်း အောင်မြင်ခဲ့သော ၎င်းတို့၏ အင်ဂျင်နီယာကုမ္ပဏီမှာ ယခုအခါ ဝန်ထမ်း၁၇ဦးဖြင့် ရုန်းကန်နေရကြောင်းလည်း ဆိုသည်။
“ပထမကြောက်တာက အလုပ်ပြုတ်မှာ၊ဒုတိယကြောက်တာက သွားရင်းလာရင်း ပေါ်တာအဆွဲခံရ မှာ။အလုပ်ပြုတ်သွားရင် ဘယ်လိုဆက်ရပ်တည်မလဲဆိုတာကိုတော့ မတွေးတတ်တော့လို့ နောင်ဖြစ် နောင်ခါပဲ ထားထားတယ်”ဟု လှိုင်မြို့နယ်နေ စက်ရုံဝန်ထမ်းတစ်ဦးက ပြောသည်။
၎င်း၏ လက်ရှိဝင်ငွေမှာ တစ်ကိုယ်စာ မငတ်ရုံတမယ်သာဖြစ်ပြီး အာဏာမသိမ်းခင်က ရရှိသော ဝင် ငွေအောက် ထက်ဝက်နီးပါး လျော့ကျသွားသည်ဟု ဆိုသည်။
“ပြီးခဲ့တဲ့ ၂လလောက်တုန်းကလားမသိဘူး။သတင်းဖတ်လိုက်ရတယ်။ရန်ကုန်မှာ ဆင်းရဲသားတွေ သိ သိသာသာ များလာတဲ့အကြောင်းလေ။ကုလသမဂ္ဂက ထုတ်ပြန်ထားတာ။အဲသတင်းဖတ်လိုက်တော့ ကျနော့်ကိုယ်ကျနော် အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်ဆင်းရဲသားစာရင်းထဲ ပါနေပြီဆိုတာ ဝမ်း နည်းစွာနဲ့ သိလိုက်ရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
၎င်းသည်လည်း အလုပ်ပြုတ်မည့်အရေး အဓိကတွေးပူနေမိပြီး အလုပ်ပြုတ်သွားပါက မည်သို့ စခန်း သွားရမည်မသိကြောင်းလည်း ဆိုသည်။
၎င်းတို့ ၁၁ဦးစလုံးက စစ်တပ်၏ အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေးဇောက်ထိုးဆင်းကာ ဘ ဝပျက်မတတ် ဝေဒနာကို ရန်ကုန်ပြည်သူများ ခံစားနေကြသည်ဟုလည်း ဆိုကြသည်။
“ကျနော်တို့ဘဝတွေ ဒါမျိုးဖြစ်ကုန်တာ မအလကြောင့်ဆိုတာ ကျနော်ကတော့ ဘယ်တော့မှ မမေ့ ဘူး။အခွင့်သင့်ရင် ပြန်ချဖို့လည်း စိတ်ထဲ တေးထားပါတယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်း၊မဝတလမ်းဆုံ အနီးနေ ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးက ဆိုသည်။
ဇွန်လ၃ရက် ထုတ်ပြန်ခဲ့သော UNDPစစ်တမ်း၌ ရန်ကုန်မြို့နေလူ ၁၀ယောက်တွင် ၄ယောက်ကျော် က ဆင်းရဲနွမ်းပါးနေပြီး ၂၀၁၇ခုနှစ်က ရန်ကုန်လူဦးရေ၏ ၁၀ရာခိုင်နှုန်းသာ ဆင်းရဲခဲ့ရာမှ ၂၀၂၃ခုနှစ် သို့ရောက်သောအခါ ဆင်းရဲသူ ၄၃ရာခိုင်နှုန်းအထိ ဖြစ်လာကြောင်း ဖော်ပြထားသည်။
စာတည်း-ကိုဆန်း
