ဖားကန့်တွင် KIA ကြဲချသည့် ဒရုန်းဗုံးထိကာ စစ်သား ၄ ဦး သေဆုံးဟုဆို

ဓာတ်ပုံ - Naw Tu Awng Facebook
ပုံစာ - ဧပြီ ၂၁ရက်က ဒရုန်းဗုံးထိ၍ သေဆုံး၊ ဒဏ်ရာရခဲ့သည့်စစ်သားများကို ကားဖြင့် သယ်ဆောင်သွားစဉ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် KIA ပူးပေါင်းတပ် ကြဲချသည့် ဒရုန်းဗုံး ထိမှန်ကာ စစ်သား၄ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မေလ ၁၉ရက်၊ ည ၉ နာရီခွဲခန့်က ဖားကန့်မြို့နယ်၊ ယူမာရွာအနီးတွင် စစ်တပ်က အင်အားဖြည့်ရန် ပြင်ဆင်နေစဉ် KIA ပူးပေါင်းတပ်က ဒရုန်းဗုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်မြို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

” ဖားကန့်မြို့ရဲ့အနောက်ဘက် ၄မိုင်အကွာမှာ KIA သိမ်းထားတဲ့ ဆိုင်းတောင်ရွာဆိုတာ ရှိတယ်။ စစ်တပ်က ဆိုင်းတောင်ကို ပြန်လိုချင်လို့ ယူမာရွာဘက်ကနေ စစ်ကြောင်းထိုးဖို့ အင်အားဖြည့်နေ တာ။ အဲဒါကို KIA ကဒရုန်းနဲ့ ဗုံးသွားချတာ။ ၄ဦးသေတယ်။ ဒဏ်ရာရတာတွေလည်း ရှိတယ်။ ဘယ်နှစ်ဦးလဲတော့ မသိရသေးဘူး ” ဟု ၎င်းက MPA ကို ပြောသည်။

ယင်းသို့ ဗုံးကြဲခံရပြီးနောက် ယနေ့ ( မေလ ၂၀ရက် ) နံနက်တစ်နာရီခန့်တွင် ဖားကန့်မြို့နှင့် ၂မိုင်ခန့်အကွာရှိ မှော်ဝမ်းလေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

” မှော်ဝမ်းလေးရွာမှာ ပြည်သူတွေက မနေကြတာ တစ်နှစ်လောက်ရှိပြီ။ တိုက်ပွဲတွေကြောင့် ရှောင် နေကြတာ။ ရွာထဲမှာ စစ်တပ်ပဲရှိတာ။ အဲဒါကို ရွာကိုပြန်ရှို့တာ။ ရွာက အကုန်ကုန်ပြီလားတော့ မပြောတတ်ဘူး။ စစ်တပ်အထိုင်နေရာဆိုတော့ ဘယ်သူမှ မီးသွားမငြှိမ်းရဲ၊ သွားမကြည့်ရဲကြဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။

မေလ ၄ရက်မှ ၈ရက်အထိ လုံးခင်းကျေးရွာအုပ်စုတွင် ‌စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ မြေပြင်တိုက် ပွဲ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲများ ငြိမ်သက်သွားရာမှ ယခုအခါ ထိတွေ့မှုများနှင့် အပြန် အလှန် ဒရုန်းချတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည်။

စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။