လူသတ် စစ်အုပ်စုကို လုံခြုံရေးကောင်စီ ထိရောက်စွာ ဖိအားပေးရန် သံအမတ်ကြီး တောင်းဆို

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနှင့် စစ်အုပ်စုအပေါ် ထိရောက်သော ဖိအားပေးဆောင်ရွက်မှုများ ချမှတ်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်သည်။

မေလ၂၁ရက်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် “လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သား ပြည်သူများအား ကာကွယ်စောင့်ရှောက်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သော တံခါးဖွင့် အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကမိန့်ခွန်းပြော ကြားစဉ် အထက်ပါအတိုင်း တောင်းဆိုခဲ့သလို စစ်တပ်က အကြမ်းဖက်မှုအမျိုးမျိုးကို ခွဲခြားမှုမရှိ ကျူးလွန်နေခြင်းသည် လုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ (၂၀၂၂)၊ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်အမှတ် ၇၅/၂၈၇ အပါအဝင် ကုလသမဂ္ဂဆုံးဖြတ်ချက်များနှင့် အာဆီယံဘုံသ ဘောတူညီချက် ၅ရပ်ကို သိသာမြင်သာစွာ ချိုးဖောက်နေခြင်းဖြစ်ကြောင်းလည်း ထောက်ပြသည်။

ထိုသို့ ထပ်ခါတလဲလဲ ချိုးဖောက်မှုများအပေါ် လုံခြုံရေးကောင်စီအနေဖြင့် နောက်ဆက်တွဲ ဆုံးဖြတ် ချက်တစ်ရပ် ချမှတ်ရန် လိုအပ်ကြောင်းနှင့် ကုလအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုထံသို့ စစ် လက်နက်၊ လေယာဉ်ဆီစသည့် ပစ္စည်းများ စီးဆင်းရောက်ရှိမှုကို တားဆီးနိုင်ရေးအတွက် ပိုမို ကျယ် ပြန့်ပြီး ပြည့်စုံသောဆောင်ရွက်ချက်များ ချမှတ်ရန် လိုအပ်နေသည်ဟု ရှင်းလင်းစွာ ပြသနေကြောင်း စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ပြောကြားမှုများသည် စစ်တပ်က အရပ်သားပြည်သူများနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများအပေါ် ခွဲခြားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ကျူးလွန် နေခြင်းကို ဟန့်တားနိုင်ခြင်း မရှိကြောင်း၊ တစ်ချိန်တည်းမှာပင် စစ်အုပ်စုနှင့် အလျင်စလို အကျိုးအ ကြောင်းခိုင်လုံခြင်းမရှိဘဲ ထိတွေ့ ဆက်ဆံရန် ကြိုးပမ်းမှုများသည်လည်း စစ်တပ်အား စစ်ရာဇဝတ်မှု များနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ထပ်မံကျူးလွန်ခြင်းကို ရပ်တန့်စေနိုင် မည် မဟုတ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

“နိုင်ငံတကာအသိုက်အဝိုင်းက ဒီနေ့အချိန်ထိ မြန်မာပြည်သူတွေအပေါ် သံတမန်ရေး ထောက်ခံမှု ပေးတာကလွဲလို့ ကျန်တဲ့လက်တွေ့ကျတဲ့ ပံ့ပိုးမှုတွေ မပေးနိုင်သေးတာကို ရှက်သင့်ပြီလို့ပဲ ပြောရ တော့မှာပဲ”ဟု နယ်စပ်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။

စစ်အုပ်စုနှင့် ၎င်းတို့၏ ခေါင်းဆောင်များသည် နိုင်ငံတကာအဆင့် ရာဇဝတ်မှုများကို ရည်ရွယ်ချက် ရှိရှိ ကျူးလွန်နေခြင်းကြောင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး၌ စွဲဆိုထားသည့်အမှု အပါအဝင် သက်ဆိုင်ရာနိုင်ငံတကာ၏ရာဇဝတ်မှုဆိုင်ရာတရားစွဲဆိုရေး ယန္တရား များအောက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း လုံခြုံရေးကောင်စီအနေဖြင့် တာဝန်ခံမှုဆိုင်ရာ အဖွဲ့အ စည်းယန္တရားများကြားရှိ ကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး တရားမျှတမှုဖော်ဆောင်နိုင်ရန်နှင့် အကြမ်းဖက် စစ်အာဏာရှင်အဖွဲ့က ခံစားနေရသည့် အရေးယူ၊ အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့်ရ ရှိနေသည့် ယဉ်ကျေးမှုကို အဆုံးသတ်နိုင်ရန်အတွက် မြန်မာနိုင်ငံအခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးသို့ လွှဲပြောင်းပေးနိုင်ကြောင်းလည်း သံအမတ်ကြီးက ပြောသည်။

တရားမဝင် စစ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့ချိန်မှစ၍ ပြည်သူ ၈,၀၀၀ ကျော်သည် စစ်တပ်လက်ချက် ဖြင့် အသက်သေဆုံးခဲ့ရပြီး ပြည်သူ ၃ဒဿမ၆ သန်းသည် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်နေရကာ ပြည်သူ ၂၂ သန်းနီးပါးသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိ ကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။

ဆက်လက်ပြီး သံအမတ်ကြီးက အကြမ်းဖက်စစ်အုပ်စု၏ အမည်နှင့် ရာထူးအမည်များကို အမည်ခံ ပြောင်းလဲခြင်းသည် အဖွဲ့ အစည်းဆိုင်ရာ သို့မဟုတ် စနစ်တကျ နိုင်ငံရေးပြောင်းလဲမှုတစ်ရပ် ဖြစ် ပေါ်နေခြင်းမဟုတ်သကဲ့သို့၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် စစ်မှန်သောကတိကဝတ် ရှိ ကြောင်းကိုလည်း ညွှန်ပြနေခြင်းလည်း မဟုတ်ကြောင်း ထို့ကြောင့် နိုင်ငံတကာ အသိုက်အဝန်းအ နေဖြင့် စစ်အုပ်စု၏ အမည်ခံပြောင်းလဲမှုများအပေါ် အာရုံစိုက်နေခြင်းထက် မြန်မာပြည်သူများ၏ မျှော်မှန်းချက်များနှင့် လိုလားချက် များကို ပိုမိုအလေးထား အာရုံစိုက်သင့်ကြောင်း၊ ထို့ပြင် မြန်မာ နိုင်ငံအခြေအနေကို ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ရရှိစေရန် ဘက်စုံပါဝင် သည့် ချဉ်းကပ်မှုဖြင့် ကိုင်တွယ်ဖြေရှင်းသင့်ကြောင်းလည်း ဆိုသည်။

စာတည်း-ML